ကသာမြို့နယ်၊ အင်းရွာတိုက်နယ်ရှိ ကျေးရွာ(၆) ရွာက နေအိမ် (၆၀၀) ကျော်ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး

ကသာမြို့နယ်၊ အင်းရွာတိုက်နယ်ရှိ ကျေးရွာ(၆) ရွာက နေအိမ် (၆၀၀) ကျော်ကို စစ်ကောင်စီမှ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အင်းရွာတိုက်နယ်အတွင်းမှာရှိတဲ ကျေးရွာ (၆) ရွာက နေအိမ်အလုံး (၆၀၀) နီးပါးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံပြည်သူ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

မယ်ငို၊ သာယာကုန်း၊ သက်တူလယ်၊ ဘုရားတောင်၊ အင်းကြီး၊ လှေဘို အဲဒီကျေးရွာက ဒေသခံပြည်သူတွေဟာ ပြန်စရာအိမ်မရှိတော့တဲ့အပြင် စားစရာလည်းမရှိကြတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကသာခရိုင် အမှတ် (၃) တပ်ရင်းမှာရှိတဲ့ တာဝန်ရှိတစ်ဦး ကပြောပါတယ်။

“ရွာသားတွေက ပြန်စရာ အိမ်မရှိကြတော့ဘူး။ တောတွေ၊ တောင်တွေထဲမှာ ဖြစ်သလိုပဲ ပေါင်းစုပြီးကာမှ နေနေကြတယ်။ စားစရာသောက်စရာတွေလည်း မရှိတော့ဘူး။ အဆိုးဆုံးက အဲဒီရွာတွေက စပါးအဓိကထွက်တဲ့ ရွာတွေဖြစ်တဲ့အတွက် စပါးရိတ်သိမ်းပြီးတာလည်း ဆောင်းတွင်းကမှ ရိတ်သိမ်းလိုက်တာဆိုတော့ ရိတ်သိမ်းလို့ရတဲ့ စပါးတွေဆန်တွေကို စပါးကျီတွေမှာ သိုလောင်ထားတာပေါ့။ အဲဒီစပါးကျီတွေပါ အကုန်ပါသွားတော့ စားစရာတွေလည်းမရှိကြတော့ဘူး။” လို့ တာဝန်ရှိသူက ဆိုပါတယ်။

အဲဒီဒေသတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်(PDF) အားကောင်းတဲ့ ရွာတွေဖြစ်တယ်လို့ စစ်ကောင်စီက သတ်မှတ်ထားတဲ့အတွက် ပစ်မှတ်ထားပြီး အခုလိုလုပ်ဆောင်တာ ဖြစ်တယ်လို့လည်း အထက်ပါတာဝန်ရှိသူက သုံးသပ်ပြောဆိုပါတယ်။

ရွာတွေထဲဝင်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း (၃) ကြောင်းဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးရွာအခြေစိုက် ခလရ (၁၂၁) တပ်ရင်းက အင်းအား (၄၀၀) ကျော်လောက်ရှိတဲ့တပ်သား တွေဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ဖေဖော်ဝါရီလ (၁၁) ရက်နေ့ကနေ (၁၄) ရက်နေ့အထိ မီးဝင်ရှို့ခဲ့ပြီးနောက် မြေမြှုပ်မိုင်းတွေလည်း ထောင်ထားခဲ့ကြတဲ့အတွက် ရွာသားတွေအနေနဲ့ ရွာထဲကို ပြန်လာနေထိုင်ကြဖို့ မဖြစ်နိုင်တဲ့ အခြေအနေကို ရောက်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အလယ်ကျွန်းကျေးရွာကိုလည်း ဇန်နဝါရီလ (၁၉) ရက်နေ့က စတင်မီးရှို့ပြီး အင်းရွာတိုက်နယ်ထဲက အိမ်ထောင်စု ၁၀,၀၀၀ ကျော်လောက် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...