ညောင်လေးပင်ခရိုင်မှာ ကျေးရွာ ၃ ရွာ ရွာလုံးကျွတ် ထွက်ပြေးနေရ

ညောင်လေးပင်ခရိုင်မှာ ကျေးရွာ ၃ ရွာ ရွာလုံးကျွတ် ထွက်ပြေးနေရ

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျေးရွာ(၃)ရွာက ဒေသခံပြည်သူ(၁၀၀၀)ကျော်ဟာ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ KNU နဲ့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၁၁)ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၂၀)တပ်ကနေ လက်နက်ကြီး(၃)လုံးပစ်ခတ်ခဲ့ရာ ရွှေကျင်မြို့နယ် ညောင်ပင်ကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်နဲ့ စပါးဂိုဒေါင်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU နဲ့ KPSN က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ (၁၁)ရက်နေ့ ညပိုင်းနဲ့ ဖေဖော်ဝါရီ (၁၂)ရက်နေ့ မနက်ပိုင်းမှာလည်း ပုဇွန်မြောင်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ(၂၀)တပ်ကနေ KNU တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ထဲကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တဲ့အတွက် ညောင်ပင်ကြီးရွာသစ်နဲ့ ညောင်ပင်ကြီးရွာမကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသခံတွေရဲ့ နွား(၄)ကောင် ထိမှန်သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ပြီး ဒေသခံပြည်သူတွေ ထိခိုက်မှုရှိခဲ့တဲ့အတွက် ညောင်ပင်ကြီး၊ ညောင်ပင်ကြီးရွာသစ်နဲ့ သက်တူးကုန်းကျေးရွာက ဒေသခံပြည်သူလူထု(၁၂၄၃)ဦးဟာ ကျေးရွာအတွင်း မနေရဲကြတော့ဘဲ အနီးအနားရှိ ကျေးရွာတွေ၊ နီးစပ်ရာဆွေမျိုးတွေနဲ့ မြို့ပေါ်တွေကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ပြောခွင့်ရသူကတော့ KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်လုပ်ဆောင်မှု အခြေအနေဟာ လက်ရှိအချိန်မှာ အမြင့်မားဆုံးအနေအထားမျိုးမှာ ရှိနေတယ်လို့ ပြောဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ တပ်ရင်းတို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း ၈၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...