ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီက ဘတ်ဂျက်ချမပေး၍ ကျေးရွာ ၅ ရွာကို ဆက်သွယ်ထားသည့်တံတားကိုယ်ထူကိုယ်ထ တည်ဆောက်ရ

ပုဏ္ဏားကျွန်းတွင် စစ်ကောင်စီက ဘတ်ဂျက်ချမပေး၍ ကျေးရွာ ၅ ရွာကို ဆက်သွယ်ထားသည့်တံတားကိုယ်ထူကိုယ်ထ တည်ဆောက်ရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျေးရွာ ၅ ရွာကို ဆက်သွယ်ထားသည့် တံတားကို စစ်အစိုးရက ဘတ်ဂျက် မချပေး၍ ဒေသခံများ ကိုယ်ထူကိုယ်ထ တည်ဆောက်နေရကြောင်း တံတားဖြစ်မြောက်ရေး ဦးဆောင်သူများက ပြောသည်။

အဆိုပါတံတားကသည် ပြည်သူအများအပြား အသုံးပြုနေသည့် တံတားတစ်စင်းဖြစ်ပြီး အစိုးရအဆက်ဆက်က တာဝန်ယူတည်ဆောက်ပေးခြင်းမရှိသဖြင့် လက်ရှိအချိန်ထိ ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထ ခက်ခဲပင်ပန်းစွာ တည်ဆောက်နေရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

၎င်းတံတားသည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကြိမ်ချောင်း၊ ဂဏန်းမဲ၊ လောင်းချောင်းကျေးရွာ၊ ထောင်လောင်ပွန်းနှင့် ဖောင်ဆိပ်ကျေးရွာတို့ကိုသွားလာနိုင်ရန် ဂဏန်းမဲနှင့် ထောင်လောင်ပွန်းရွာ အကြားရှိ စမ်းမဒီးချောင်းကို ဖြတ်ကာ ဖေဖော်ဝါရီလအစပိုင်းတွင် စတင်တည်ဆောက်နေခြင်း ဖြစ်သည်။

တံတားအရှည်ပေပေါင်း ၁၃ဝ ကျော်ရှိပြီး ပြည်တွင်းပြည်ပရှိ စေတနာရှင်များ၏ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၈ဝ ခန့်ဖြင့် တည်ဆောက်နေခြင်းဖြစ်သည်ဟုလည်း တံတားဆောက်လုပ်ရာဦးဆောင်သူ ဦးအေးထွန်းက ပြောသည်။

"အရင်က နှစ်စဉ်နှစ်တိုင်း တစ်နှစ်တစ်ကြိမ် ဝါးတံတားကို ဆောက်လုပ်တာမတတ်နိုင်တော့ဘူး။ ဒီနှစ် ပြည်တွင်း ပြည်ပမှာရှိတဲ့ ညီအကို မောင်နှမအသိမိတ်ဆွေတွေနဲ့ အလှူရှင်တွေစုပေါင်း ငွေထည့်ခြင်းကြောင့် ကိုယ်ထူကိုထလုပ်တာ တံတားက ၇ဝ ရာခိုင်နှန်းတော့ ပြီးစီးသွားပါတယ်။ အခုတော့ ငွေအင်အားမလုံလောက် တာကြောင့် တံတားဆောက်လုပ်တာ ရပ်ထားရမလို ဖြစ်နေပါတယ်”ဟု ပြောသည်။

အဆိုပါတံတားကို ပျဉ်ခင်းပြီး သံလက်ရန်းများတပ်ဆင်ကာ သွပ်မိုးသွားမည်ဖြစ်ပြီး တံတားပြီးစီးရန် နောက်ထပ် ကျပ်သိန်း ၅ဝ ခန့်လိုအပ်နေသေးသည်ဟုလည်း ဆိုသည်။

အဆိုပါတံတားသည် တံတားအနီးကျေးရွာများရှိ ဒေသခံများမှာ ပညာရေး၊ ကျန်းမားရေးနှင့် လူမှုရေးကိစ္စအဝဝတွင် ဆက်သွယ်သွားလာကြရသော အလွန်အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထောင်လောင်ပွန်းကျေးရွာမှ ဒေါ်မသန်းဝင်းက "ကျမတို့တစ်ရွာလုံးကတော့ မိုးလင်းတာနဲ့ အောင်ဖြူပြင် ဆိုတဲ့ရွာမှာ ကွမ်းပို့ရတယ်။ အရင်ဝါးတံတားက မခိုင်ခံတော့ အရမ်းဒုက္ခရောက်ရတယ်။ ဒီတံတားပြီးရင်တော့ အနည်းဆုံး နှစ်ဘီး သုံးဘီးသွားလာလို့ရမယ်ဆိုရင် ခရီးမကြန့်ကြာတော့ဘူး” ပြောသည်။

တံတားတည်ဆောက်မှုပြီးစီးနိုင်ရန် စေတနာရှင်များအနေဖြင့် တံတားဦးဆောင်ဆောက်လုပ်နေသော ဦးအေးထွန်း၊ ဦးအောင်လင်းတို့၏ ဖုန်းနံပါတ်များဖြစ်သော ၀၉ ၄၄၀ ၄၃၉ ၉၅၈ နှင့် ၀၉ ၆၇၁ ၂၀၀ ၆၀၀ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်သည်။

April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...