ရခိုင်တွင် စပါးအထွက်နှုန်းကျဆင်းမှုကြောင့် ဆန်စျေးအဆမတန်မြင့်တက်နေ

ရခိုင်တွင် စပါးအထွက်နှုန်းကျဆင်းမှုကြောင့် ဆန်စျေးအဆမတန်မြင့်တက်နေ

ရခိုင်တွင် ယခုနှစ် စပါးစိုက်ရာသီအတွင်း စပါးအထွက်နှုန်းကျဆင်း နည်းပါးမှုကြောင့် ဆန်စျေးအဆမတန် မြင့်တက်နေကြောင်း သတင်းရရှိသည်။

ယခု ဖေဖော်ဝါရီလအတွင်းမှာ ဆန်စျေး သိသိသာသာမြင့်တက်လာခြင်းဖြစ်ကြောင်း စစ်တွေမြို့ရှိ "သဇင်ခိုင်"ဆန်ဆိုင်ပိုင်ရှင် ဒေါ်လှသိန်းနုက နိရဥ္စရာကိုပြောသည်။

"ဆန်စျေးတွေကတော့ တက်နေတယ်။ အရင်ကတည်းကလည်း နည်းနည်းတက်နေတာ။ အခု ၂ လပိုင်းမှာကတော့ သိသိသာသာတက်တယ်။ ဒီအတိုင်းဆို သိန်းချီတက်နိုင်တဲ့အခြေအနေရှိပါတယ်" ဟု ပြောသည်။

ရခိုင်တွင် စားသုံးမှုအများဆုံးဖြစ်သည့် ပေါ်ဆန်းမွှေးတစ်အိတ်ကို ယခင် ၅ သောင်းကျော်၊ ၆ သောင်းဝန်းကျင်မှ ယခု ၇ သောင်းကျော်၊ ၈ သောင်းအထိရှိနေပြီး သီရိဒုံ(ဆန်ချေ)တစ်အိတ်ကို ယခင် ၄ သောင်းခွဲခန့်မှ ယခု ၆သောင်းခွဲအထိ စျေးအသီးသီးမြင့်တက်နေသည်။

လက်ရှိအခြေနေအရ များမကြာမီ ပေါ်ဆန်းမွှေးတစ်အိတ် ကျပ်တစ်သိန်းအထိ မြှင့်တက်နိုင်ခြေ ရှိနေကြောင်း ဆန်ဆိုင်ပိုင်ရှင်များက သုံးသပ်သည်။

ယခုကဲ့သို့ ဆန်စျေးတက်ရခြင်းမှာ ပြီးခဲ့ စပါးစိုက်ရာသီအတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့် စိုက်ပျိုးရေးစရိတ်ကြီးမြင့်မှုတို့ကြောင့် စပါးစိုက်ဧကလျော့နည်းမှု၊ ရာသီဥတုအခြေအနေကြောင့် စပါးမဖြစ်ထွန်းမှုတို့ကြောင့် စပါးစျေးတက်ကာ ဆန်စျေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း ကျောက်တော်မြို့နယ်၊ အုန်းကျွန်းကျေးရွာမှ စပါးစိုက်ပျိုးသူတစ်ဦးက ပြောသည်။

"ဆားငန်ရေဝင်လို့ပျက်တာကတမျိုး၊ မိုးမရှိလို့စပါးမထွက်၊ ထွက်တဲ့စပါးက ပုံမှန် စပါးအိတ်မပြည့်ဘူး။ အခွံများတယ်။ အရင်က စပါးတစ်ရာထိုးရင် ၁၁ အိတ်၊ ၁၂ အိတ်ထွက်တယ်။ အခုစပါး တစ်ရာထိုးရင် ၇ အိတ်ကျော်၊ ၈ အိတ်၊ ၉အိတ်။ (၉) အိတ်တောင်မရကြဘူး"ဟု ပြောသည်။

လက်ရှိစပါးစျေးနှုန်းသည်လည်း ရခိုင်တွင် ပျဉ်းမျှအားဖြင့် သီရိဒုံ(ဆန်ချေ)စပါးတောင်းတစ်ရာကို ၆ သိန်း၊ ၇ သိန်းခန့်( ယခင် ၃ သိန်းကျော် ၄ သိန်း) ၊ ပေါ်ဆန်းမွှေးစပါးတောင်းတစ်ရာကို ၁၂ သိန်း၊ ၁၃ သိန်းခန့် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် ၂ သိန်းခွဲတင်ပို့ခဲ့ပြီး ယင်းအထဲတွင် ရခိုင်မှ ဆန်တန်ချိန် ၂၅၀၀ ကို စစ်တွေ အိန္ဒိယဆိပ်ကမ်းမှတဆင့် တင်ပို့ခဲ့သည်။ ယင်းသို့ နိုင်ငံခြားသို့ ဆန်တင်သွင်းပို့ဆောင်မှုများကြောင့် ပြည်တွင်း ဆန်စပါးစျေးတက်ခြင်းဖြစ်ကြောင်း ဒေသခံများ အကြား ဝေဖန်ပြောဆို မှုများလည်း ရှိနေသည်။

ပုံမှန်အားဖြင့် ရာသီဥတုကောင်းလျှင် ရခိုင်ပြည်၏ ဆန်အထွက်နှုန်မှာ စားသုံးမှုထက် တန်ချိန် ၃ သိန်းနှင့် ၄ သိန်းကြားပိုလျှံသော်လည်း ယခုနှစ် စပါးအထွက်နှုန်း ကျဆင်းပြီး စိုက်ပျိုးဧက လျော့နည်းမှုကြောင့် ပိုလျှံသည့်ပမာဏမှာ တစ်သိန်းအောက်သာရှိမည်ဟု ခန့်မှန်းရကြောင်း ရခိုင်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးခင်မောင်ကြီးက ပြောသည်။

"ပိုလျှံမှုနဲ့ ပတ်သက်ရင်တော့ မပြောပလောက်တဲ့ နိုင်ငံခြားတင်ပို့မှုပါ။ အများအားဖြင့် မန္တလေး၊ ရန်ကုန်စျေးကွက်တွေကို စောစောပိုင်းမှ စီးဆင်းသွားတာရှိတယ်။ အခုကတော့ သယ်ရပို့ရ အခက်အခဲတွေရှိကြတော့ ပြည်မဘက်ကိုစီးဆင်းတာလည်း ရပ်သွားတဲ့သဘောမျိုးရှိတယ်။ ဘင်္ဂလာဘက်တွေကို တခြားနည်းတွေနဲ့တင်ပို့နေတာမျိုးလည်း အခုထိကျယ်ကျယ်ပြန့်ပြန် မတွေ့ရသေးဘူး" ဟုဆိုသည်။

လက်ရှိမှာ ဆန်စျေးနှုန်းမြင့်တက်မှုများကြောင့် ရခိုင်ပြည်တွင်း အခြေခံလက်လုပ်လက်စား ပြည်သူများမှာ အခက်အခဲများရှိကြောင်း သိရသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ စာရင်းအရ ရခိုင်ပြည်တွင် စပါးစိုက်လယ် ဧကပေါင်း ၁၂ သိန်းခွဲ ကျာ်ရှိသော်လည်း ပြီးခဲ့သည့်စပါးစိုက်ရာသီအတွင်း အကြောင်းအမျိုးမျိုးကြောင့် လယ်ဧက ၈ သိ န်းခွဲကျော်သာ ထွန်ယက်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...