ဝယ်လိုအားကောင်းသော်လည်း လုပ်သားမရှိ၍ ရခိုင်ရိုးရာမြေထည်လုပ်ငန်းအခက်ကြုံ

ဝယ်လိုအားကောင်းသော်လည်း လုပ်သားမရှိ၍ ရခိုင်ရိုးရာမြေထည်လုပ်ငန်းအခက်ကြုံ

ရခိုင်ရိုးရာမြေထည်လုပ်ငန်းမှ ထုတ်လုပ်သည့် မြေအိုးမြေခွက်များမှာ ယခင်နှစ်ကထက် ဝယ်လိုအား ကောင်းသော်လည်း လုပ်သားရှားပါးမှုကြောင့် လိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်ရန် အခက်အခဲကြုံနေရသည် ကျောက်တော်မြို့နယ် တူးမြောင်းကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်မြသန်းက ပြောသည်။

“ အဓိကပြဿနာက အလုပ်သမားမရှိဘူး။ ကိုယ့်နေရာ ကိုယ့်ဒေသမှာ အလုပ် လုပ်လို့က ထမင်းနပ်မှန်အောင်မစားရတော့ အကုန် နိုင်ငံခြားကို ထွက်သွားကြတယ်။ တရုတ်၊ ထိုင်း၊ မလေးရှားထွက်ကြတာ။ ရွာမှာလူမကျန်တော့ဘူး။  မှာတဲ့သူ၊ ဝယ်တဲ့သူများပေမယ့် လုပ်သားမရှိတော့ အရင်လို မထုတ်လုပ်နိုင်ဘူး။ ဒီအလုပ်က လူအင်အားလိုတဲ့အလုပ်မျိုးဆိုတော့ အလုပ်သမားမရှိရင် ကြန့်ကြာတယ်"” ဟု ပြောသည်။

၎င်းပြင် အရင်းအနှီးကလည်း အခက်အခဲရှိနေသည်ဟု သူမက ဆက်လက်ပြောဆိုသည်။

"အရင်လိုအိမ်တိုင်းကလည်းမလုပ်တော့ဘူး။ လူအင်အားလည်းလိုတယ်။ အရင်းအနှီးလည်း လိုက်မမီတော့ မလုပ်ဖြစ်ကြတော့ဘူး။ တခြားရွာက လာဝယ်တာတော့ရှိတယ်။ အရင်က တစ်ရက်ကို တစ်ဖို၊ နှစ်ဖိုဖုတ်နေတာ။ အခုက တစ်လမှာ တစ်ဖိုမကျဘူး။ အလုံး (၅၀၀) တောင်မဖုတ်နိုင်ဘူး။

လုပ်သားမရှိတော့ ယခင်နှစ်တွေကထက် လုပ်ကိုင်သူနည်းပါးလာတယ်”ဟု သူမက ဆက်လက် ပြောဆိုသည်။

နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းနှင့် ကုန်စျေးနှုန်းမြင့်တက်မှုတို့ကြောင့် မြေထည်လုပ်ငန်းတွင် လုပ်ကိုင်သူများမှာ လစာနည်းပြီး လုံခြုံစွာနေထိုင်ရန် အဆင်မပြေသဖြင့် နိုင်ငံခြားကို ထွက်ကုန်ကြသည်ဟု သူမက ပြောဆိုသည်။

အလုပ်သမားရှားပါးမှု၊ ကုန်ကြမ်းရှားပါးလာမှုတို့ကြောင့် တစ်နှစ်ထက်တစ်နှစ် ရခိုင်ရိုးရာ မြေထည်လုပ်ငန်း လုပ်ကိုင်သူနည်းပါးလာနေသဖြင့် ကြာလျှင် မြေထည်လုပ်ငန်းမှာ ပျောက်ကွယ်သွားနိုင်သည်ဟုလည်း သူမက ဆိုသည်။

“ ကျွန်မတို့ရွာမှာ အရင် က မြေထည်လုပ်ငန်းကို တစ်ရွာလုံးနီးပါးလုပ်ကိုင်ကြတယ်။  တူးမြောင်းကျေးရွာမှာ အိမ်ခြေ ၁၃၀ ရှိရာမှာ အကုန်လုံးလုပ်ကြတယ်။ အခု အိမ် ၃၀ ကျော်လောက်သာ လုပ်တော့တယ်။  ကျွန်မတို့တစ်ဆက်ပြီးရင် နောက်ကလေးတွေ လုပ်တော့မဟုတ်ဘူး။ ပျောက်ကွယ်သွားနိုင်တယ်။ ဒီရိုးရာလုပ်ငန်း။”

ယခုနှစ်တွင် ပြီးခဲ့သည့် ၂၀၂၂ နှစ်ကထက် စျေးကောင်းရပြီး သောက်ရေအိုး၊ မြေဟင်းအိုး၊ ပန်းအိုး၊ ပေါင်းအိုး၊ မီးသွေးဖို စသည်တို့မှာ ဝယ်လိုအားရှိနေသော်လည်း ထုတ်လုပ်မှုမှာ အားနည်းနေသည်ဟု ဆိုသည်။

မြေထည်ပစ္စည်းများနေရာတွင် ပလပ်စတစ်အစားထိုးပစ္စည်းဝင်ရောက်မှု၊ ပြည်ပနှင့် နိုင်ငံခြားမှ မြေထည်ပစ္စည်း ဝင်ရောက်မှုများလည်းရှိသော်လည်း ရခိုင်ရိုးရာမြေထည်များကို ဒေသဝယ်လိုအား ရှိဆဲဖြစ်ကြောင်း သူမက ဆက်ပြောသည်။

"လာဝယ်တာတော့ရှိပါတယ်။ သူတို့ရောက်လာတဲ့အခါ အိုးလုပ်ပြီးသားမရှိတာမျိုးတွေရှိတာပေါ့။ ဝယ်လိုအားကရှိပါတယ်။ လုပ်လူနည်းလာတော့ ဒေသဝယ်လိုအားကို မဖြည့်နိုင်ဘူးပေါ့" ဟု ဒေါ်မြသန်းက ဆက်ပြောသည်။

အဆိုပါ မြေထည်ပစ္စည်းများကို ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ စစ်တွေ၊ မြေပုံ စသည့် မြို့များရှိပွဲရုံများကို တဆင့်တင်သွင်းရောင်းချမှုများသည်ဟု သိရသည်။

မြေပုံမြို့မှ အိုးလုပ်ငန်းရပ်နားထားရသူတစ်ဦးက "ဒီအလုပ်ကို လုပ်တော့ဆက်လုပ်ချင်ကြတယ်။ ကိုယ်တစ်ယောက်တည်းလည်း လိုက်မမီဘူး။ အလုပ်တစ်ခုရှိတာနဲ့ မရှိတာနဲ့ကလည်းမတူ။ အလုပ်မရှိတော့ ကျပ်တည်းကြတယ်။ လုပ်ချင်ပေမယ့် လုပ်ဖို့ကိုင်ဖို့လူကမရှိဖြစ်နေကြတယ်။ ကြာရင် ကိုယ့် ရိုးရာဟာ တဖြည်းဖြည်း တိမ်ကောလာနိုင်ပါတယ်"ဟု ပြောသည်။

၎င်းပြင် အိုးလုပ်သည့် မြေစေးနှင့် သဲရှားပါးမှု၊ အိုးလုပ်သည့် အလုပ်သမားရှားပါးမှုတို့ကြောင့် တဖြည်းဖြည်း လုပ်ကိုင်သူ နည်းပါးလာခြင်း ဖြစ်သည်။

ရခိုင်လူမျိုးတို့၏ ရှေးရိုးရာလက်မှုပညာများမှာ တဖြည်းဖြည်းပျောက်ကွယ်လာသဖြင့် တချို့ လက်မှုပညာရပ်များကို မတိမ်ကော မပျောက်ပျက်စေရန် အမျိုးသားရေးအမြင်ဖြင့် ထိန်းသိမ်းရန် လိုအပ်နေကြောင်း ထောက်ပြပြောဆိုမှုများလည်း ရှိနေကြောင်း သိရှိရသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...