ဒီလအတွင်းမှာပဲ မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့အရပ်သားအစိုးရကိုဖယ်ရှားပြီး တိုင်းပြည် အာဏာသိမ်းယူခဲ့တာ (၂)နှစ် ပြည့်ပါတယ်။
ခုချိန်ထိ မြန်မာစစ်ကောင်စီကို သံတမန်ရေးအရရော၊ ရုပ်ဝတ္ထုအရပါ အဓိကထောက်ခံ အားပေးနေတဲ့ နိုင်ငံကရုရှား နိုင်ငံပါ။။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံထဲ ကျူးကျော်ဝင်ရောက်တိုက်ခိုက်တဲ့အခါ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုရှားရဲ့ ကျူးကျော်မှုကို ပြစ်တင် ရှုတ်ချခဲ့ကြပေမယ့် အဲဒီအထဲမှာ မြန်မာမပါဝင်ပါဘူး။ အလားတူပါပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် တစ်စုံတစ်ခုချဖို့ကြိုးစားတဲ့ အခါတိုင်း ကြားဝင်ဟန့်တားပေးသူက ရုရှားပါ။
အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ (တပ်မတော်လို့ခေါ်တဲ့) စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြည်တွင်း ပြည်ပ အသိအမှတ်ပြုမှုကို အသည်းအသန် လိုအပ်နေတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို သုံးခေါက်တိတိ သွားရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ၊ စက်တင်ဘာလ (၂၂)ရက်နေ့မှာ ရုရှားသမ္မတပူတင်ဟာ မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံခဲ့တယ်။ နေရာက ဗလာဒီဗော့စတော့၊ အရှေ့ဖျားစီးပွားရေးဖိုရမ်( Eastern Economic Forum ) မှာပါ။
" ရုရှားဟာ မြန်မာနဲ့ပတ်သက်လာရင် ရှေ့က ဦးဆောာင်တာမျိုးမဟုတ်ဘဲ အမြဲတမ်း နောက်ကနေရပ်တည်ပေးပါတယ်။ ဒါဟာ အနည်းဆုံး နှစ်ပေါင်း နှစ်ဆယ်ကြာ ဆင့်ကဲ ပြောင်းလဲလာတဲ့ နှစ်နိုင်ငံ ရေရှည်ဆက်ဆံရေးအကျိုးဆက်ပဲ။ မိတ်ဖက် နိုင်ငံတစ်ခုကို အသည်းအသန် လိုက်ရှာနေတာမျိုးမဟုတ်ဘဲ အခြေအနေတွေက တစ်ဦးကို တစ်ဦး လိုအပ်လာတဲ့ အနေအထားမျိုးမှာပါ" လို့ မော်စကို နိုင်ငံတော်တက္ကသိုလ်က လက်ထောက် ပါမောက္ခ အအလက်ဇီ ကီရီချင်ကိုက ဆိုပါတယ်။
ရုရှားက တရုတ်နဲ့ နှိုင်းယှဉ်ရင် စီးပွားရေးအရ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု များများစားစား မရှိပါဘူး။ ဒါပေမယ့် ရုရှားဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံတစ်ခုပါ။

ရုရှားဟာ မြန်မာစစ်တပ်အတွက် Pantsir-S1 မြေပြင်ကနေ ဝေဟင်ပစ်ဒုံးပျံစနစ်၊ Orlan10E ထောက်လှမ်းရေးဒရုန်းတွေ၊ ရေဒါပစ္စည်းတွေ၊ M-17 နဲ့ M35 ရဟတ်ယာဉ်တွေ၊ Su-30 ဂျက်တိုက်လေယာဉ်တွေ နဲ့ လေယာဉ်ပစ် ဒုံးကျည်စနစ်တွေ ထောက်ပံ့ပေးနေပါတယ်။
မော်စကိုတိုင်းမ်သတင်းစာရဲ့အဆိုအရ ရုရှားက မြန်မာနိုင်ငံကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ အထိ ရေဒါပစ္စည်းတန်ဖိုး ဒေါ်လာ (၁၄.၇)သန်း နဲ့ အမည်ဖုံးကွယ်ထားတဲ့ ဒေါ်လာ(၉၆)သန်း တန်ဖိုးရှိ ပစ္စည်းတွေ ရောင်းချခဲ့တယ်လို့ သိရတယ်။
ရုရှားလက်နက်တွေကို စစ်ကောင်စီဟာ တော်လှန်ရေး အုပ်စုတွေကို တိုက်ခိုက်တဲ့ နေရာတွေမှာအသုံးပြုတယ်။ Mi-35 ရဟတ်ယာဉ်တွေနဲ့ ရှေ့တန်းစခန်းတွေကို အကာကွယ် ပေးနိုင်တဲ့ Yak-130 တိုက်ပွဲလေ့ကျင့်ရေး လေယာဉ်တွေကို အသုံးပြုတယ်။
စစ်တပ်ဟာ ခေတ်မီအောင် တန်ပြန်ဒရုန်းတိုက်ဖျက်ရေး စနစ်တွေကိုလည်း ရုရှားက မှာယူခဲ့တယ်လို့ ဆိုတယ်။ ဒီရောင်းရငွေတွေက ရုရှားအတွက် ယူကရိန်းစစ်ပွဲမှာ လိုအပ်တဲ့ ငွေကြေးအထောက်အပံ့လည်းဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းမှာ စစ်ပွဲဆင်နွှဲနေတာ တစ်နှစ် နီးပါးရှိလာပေမယ့် ဘယ်လိုအဆုံးသတ်မယ်ဆိုတာ မမှန်းဆနိုင်သေးဘူး။
ရုရှားဆီက လက်နက်ဝယ်ယူသူတွေ ကြုံတတ်တာက သူတို့ဟာ စာချုပ်ပါအတိုင်း ပြည့်မီအောင်မပေးတတ်ဘူး ဆိုတာပါပဲ။ ယူကရိန်းစစ်တပ်ကရရှိတဲ့ သတင်းတွေအရ ရုရှားဟာ ဆားဘီးယားကို ပေးပို့ဖို့ ရှိတဲ့ K-32 ရဟတ်ယာဉ်တွေကို ဆက်မပို့ဘဲ ရပ်ဆိုင်းထားသလို အယ်လ်ဂျီးရီးယားကိုလည်း ဆက်မပို့ဘဲ ရပ်ထားတယ်။
ရုရှားရဲ့ စစ်စရိတ်ဝင်ငွေကို ဖြတ်တောက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန်နဲ့ အီးယူက ရုရှားကို နှစ်မျိုးသုံးပစ္စည်း (dual-use goods) တွေ တင်ပို့ခြင်းမပြုဖို့ တားမြစ် ပိတ်ပင်ခဲ့တယ်။
ဒီအထဲမှာ မော်တော်ယာဉ်အစိတ်အပိုင်းလို ပစ္စည်းမျိုးလည်းပါတယ်။ ဒီပစ္စည်းတွေ မရှိဘဲနဲ့ ရုရှားက တင်ပို့ဖို့လက်နက်အသစ် မထုတ်နိုင်တော့ဘူး။ ပြီးခဲ့တဲ့နှစ်က အိန္ဒိယဟာ ရုရှားဆီကဝယ်ဖို့ စာချုပ်ထားတဲ့ Ka-31 ရဟတ်ယာဉ်၊ Mig-29 တိုက်လေယာဉ်၊ Mi17 ရဟတ်ယာဉ်တွေကို မဝယ်တော့ဘဲ စာချုပ်ဖျက်သိမ်းခဲ့တယ်။ အဓိကအကြောင်းက ရုရှားဟာ ဥရောပဈေးကွက်ကနေ အဆင့်မြင့်နည်းပညာ ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူလို့ မရတော့တဲ့ အတွက်ပါ။
" မြန်မာ ပြည်တွင်းစစ်မှာ ရုရှားလက်နက်တွေက အဓိက အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ ဒါပေမယ့် ခုလိုရုရှားရဲ့ လက်နက်တင်ပို့မှု ယာယီနှောင့်နှေးသွားတာဟာ တိုက်ရိုက်တော့ သက်ရောက်မှု ရှိမှာမဟုတ်ပါဘူး" လို့ ပိုလန်နိုင်ငံ ဂျာဂျီယယ်လိုနီယန် တက္ကသိုလ်က မိုက်ကယ်လူဘီနာက ပြောပါတယ်။
တစ်ဆက်တည်းပဲ သူက " ရုရှားက မြန်မာစစ်တပ်ကို လက်နက်တွေ အလုံအလောက် ရောင်းချပေးထားပြီးသားပါ။ ဒါပေမယ့်လည်း စစ်တပ်ဟာ တော်လှန်ရေးအုပ်စုတွေကို အပြီးတိုင် မချေမှုန်းနိုင်သေးဘူး ဖြစ်နေတယ်" လို့ ပြောပါတယ်။
အိမ်နီးချင်းတရုတ်ဟာလည်း မြန်မာကို အဓိက လက်နက် ထောက်ပံ့ပေးနေတဲ့ နိုင်ငံတစ်ခုပါ။ ဒါပေမယ့် နှစ်နိုင်ငံကြား ရှုပ်ထွေးတဲ့ သမိုင်းကြောင်းကြားမှာ နှစ်ဖက် မယုံကြည်မှုတွေလည်း ရှိနေတယ်။
မြန်မာဗိုလ်ချုပ်အတော်များများက ၁၉၇၀ပြည့်လွန်နှစ်တွေတုန်းက တရုတ်က မြန်မာကွန်မြူနစ်တွေကို လက်နက်တွေ ထောက်ပံ့ပေးခဲ့တာ မမေ့ကြသေးဘူး။ အလားတူ တရုတ်ဟာ ဝ၊ ကိုးကန့်၊ နဲ့ ကချင်လက်နက်ကိုင်တွေကို တရားမဝင် လက်နက် ထောက်ပံ့ပေးမှုတွေ ရှိနေတယ်။
" မြန်မာဗိုလ်ချုပ်တွေအနေနဲ့ကတော့ ကျဉ်းထဲကျပ်ထဲအခြေအနေမှာ ရောက်နေသလိုပါပဲ။ တစ်ဖက်မှာဘယ်လို ပြည်ပစွက်ဖက်နှောက်ယှက်မှုမျိုးကိုမှ လက်မခံ တွန်းလှန်မယ်ဆိုတဲ့ မျိုးချစ်အစိုးရ၊ တစ်ဖက်မှာတော့ အာဏာသိမ်းထားတဲ့ အကျိုးဆက်အနေနဲ့ အထီးကျန် ချောင်ပိတ်မိနေပြီး တရုတ်ကို မီခိုအားထားနေရတဲ့ အခြေအနေ။ သူတို့ စစ်အစိုးရက ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေရင် တရုတ်က သူတို့ကို ကြင်နာနိုင်မှုပေးနိုင်မှာတော့ မဟုတ်ဘူး" လို့ လူဘီနာက ပြောပါတယ်။
ဒါပေမယ့်လည်း တရုတ်အနေနဲ့ ရုရှား နဲ့မြန်မာ ဆက်ဆံရေးကြောင့် တရုတ်အကျိုးစီးပွားကို မထိခိုက်နိုင်ဘူးဆိုတာကိုတော့ သတိထားမိတယ်။
ရုရှားအတွက် မြန်မာနဲ့ မိတ်ဖက်ပြုလုပ်ရာမှာ အကန့်အသတ်တွေတော့ရှိနေတယ်။ ကုန်သွယ်ရေးမှာ ပိတ်ဆို့ဟန့်တားမှုတွေကြောင့် ရှုပ်ထွေးမှုတွေ ရှိနေသလို ဒေါ်လာနဲ့ ပေးချေရမယ့်ကိစ္စတွေအတွက် အခက်အခဲတွေ ရှိတယ်။ စွမ်းအင်ကဏ္ဍမှာပဲ မြန်မာဟာ ရုရှားကုမ္ပဏီတွေ အမြတ်အစွန်းအများကြီးရလောက်တဲ့ ရေနံ နဲ့သဘာဝဓါတ်ငွေ့ ဝယ်လိုအား မရှိဘူး။
ဒါပေမယ့် မြန်မာနိုင်ငံကို ရေရှည်အုပ်ချုပ်သွားဖို့ သံဓိဌာန်ချထားပြီးဖြစ်တဲ့ စစ်ကောင်စီကို ကူညီထောက်ပံ့မှုတွေ ပေးခြင်းအားဖြင့် ရုရှားအနေနဲ့ အရှေ့တောင်အာရှမှာ အတိုင်းအတာတစ်ခုအထိ ခြေကုပ် ရရှိနိုင်မှာဖြစ်တယ်။ ရုရှားဟာ အရှေ့တောင်အာရှမှာ ဗီယက်နမ် တစ်နိုင်ငံနဲ့ပဲ ရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်ထားတာဖြစ်ပါတယ်။
" ပြည်တွင်းစစ်မှာ စစ်တပ်ကသာ အနိုင်ရသွားခဲ့ရင်တော့ ရုရှားဟာ အဓိက အောင်နိုင်သူ ဖြစ်လာမှာပါ။ စစ်တပ်ဟာ သူတို့အလိုရှိနေချိန်မှာ ရုရှားက ကူညီထားခဲ့လို့ပါ" လို့ လူဘီနာက ဆိုပါတယ်။
မြန်မာအတွက်တော့ ရုရှားဟာ တရုတ်နဲ့ နှိုင်းယှဉ်ရင် ခြိမ်းခြောက်မှု နည်းတဲ့ မိတ်ဖက်နိုင်ငံပါ။ ရုရှားရဲ့ ဗဟိုပါဝါဟာ မြန်မာ နဲ့ အလွန်ဝေးကွာပြီး ကျူးကျော်ဖို့သော်လည်းကောင်း၊ ပြည်တွင်းရေးကို ဝင်စွက်ဖို့သော်လည်းကောင်း စိုးရိမ်စရာမရှိတဲ့ အနေအထားပါ။
" သီအိုရီ ရှုထောင့်ကနေကြည့်ရင် စီးပွားရေး အကျိုးအမြတ် ဖြစ်ထွန်းနိုင်စွမ်းထက် ပဋိပက္ခတွေက ရုရှားအတွက် ဩဇာသက်ရောက်မှု ပိုပြီး ဖြစ်စေတယ်။ ပဋိပက္ခတွေ ရှိလာရင် နိုင်ငံတစ်ခုဟာ စစ်တပ်ချထားလာနိုင်သလို သံတမန်နည်းလည်း အသုံးပြုလာနိုင်တယ်။ ရုရှားအတွက်တော့ ကမ္ဘာမှာ ရုရှားရဲ့ အရေးပါမှု တိုးမြှင့်ဖို့ နဲ့ အထီးကျန်မှုက ကျော်လွှားဖို့ ဈေးအပေါဆုံးနဲ့၏ အသက်သာဆုံး နည်းလမ်းတစ်ခုလို့ ဆိုရမှာပဲ"လို့ ပိုလန်တက္ကသိုလ်ရဲ့ နိုင်ငံရေးသုံးသပ်သူ လူဘီနာက ပြောပါတယ်။
Alena Zhabina, Deutsche Welle ရဲ့ Will Russian aid for Myanmar give Moscow an Asian foothold? ကို ဆီလျော်ဆုံးဖြစ်အောင် နိရဉ္စရာသတင်းဌာနက ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။







