ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖယ်ခုံရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းပျက်စီး

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖယ်ခုံရှိ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းပျက်စီး

ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက် မှုကြောင့် ခရစ်ယာန်ဘာသာ ဘုရားကျောင်းတစ်ကျောင်း ပျက်စီးသွားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကရင်နီပြည်နယ်နှင့်အစပ်၊ ဖယ်ခုံမြို့နယ်၊ ဝှါရီခူကျေးရွာကို စစ်ကောင်စီတပ်က ဂျက် တိုက်လေယာဉ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကက်သလစ် ခရစ်ယာန် မယ်တော်ဂူ ဘုရားကျောင်း ထိမှန်ပျက်စီးသွားခြင်း ဖြစ်သည်ဟု ကျေးရွာနေပြည်သူများက ပြောသည်။

ဒီးမော့ဆို PDF မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီကလေ သူတို့ မာရှယ်လော ထုတ်ပြီးတော့ ပိုဆိုးသွားတာပေါ့နော်။ နဂိုကမှ သူတို့က စစ်ဘေးရှောင်ရှိတဲ့ နေရာတွေ၊ ပြည်သူတွေရှိတဲ့ ရပ်ရွာတွေ နောက် ပြီးတော့ စာသင်ကျောင်းတွေ၊ ဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိတာပဲ။ အခုနောက်ပိုင်း ပိုဆိုး တယ်ဆိုတာက မယ်တော်ဂူက တိုက်ပွဲဖြစ်တဲ့ နေရာလည်းမဟုတ်ဘူး။ စစ်ဖြစ်တဲ့ နေရာတွေနဲ့ အလှမ်း အဝေး ကြီးဗျ။ မထင်မှတ်တဲ့ နေရာမှာ ရည်ရွည်ချက်ရှိရှိ ဗုံးကြဲတယ်လို့ပဲ ကျနော်တို့ မှတ်ယူတာပေါ့နော်” ဟု ပြော သည်။

အဆိုပါ ဘုရားကျောင်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ပေါင် ၅၀၀ ခန့် အလေးချိန်ရှိသည့် ဗုံး ၂ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်ချုပ်ရေး ကြေညာပြီးသည့် နောက် ပိုင်း ပထမဆုံးအကြိမ် ဗုံးကြဲခြင်းဖြစ်သည် ဟု ဒီးမော့ဆို PDF တာဝန် ရှိသူများက ပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်မှု မရှိခဲ့သော်လည်း ဘုရားကျောင်းဝင်း အတွင်းရှိ ရင်ပြင်၊ ဘုန်းတော်ကြီး နားနေဆောင် ၁ လုံး၊ အိမ်သာ ၁ လုံး၊ စစ်ဘေးရှောင်များ ခိုလှုံသည့် ယာယီတဲများနှင့် လူနေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့သည်။ ထို့နောက် စစ်ဘေးရှောင်များက ထပ်မံ ဗုံးကြဲလာမည်ကို စိုးရိမ်ထိတ်လန့်နေကြ သော်လည်း အချို့မှာ နေရာပြောင်းရွှေ့ရန်ပင် အဆင်မပြေ ဖြစ်နေကြသည်ဟု ဆိုသည်။

“တချို့တွေက နေရာရွှေ့တယ် ပြောတယ်။ တချို့တွေက နေရာရွှေ့တာ လေးငါးနေရာ ရှိပြီပေါ့နော်။ တချိန်လုံး နေရာ ရွှေ့နေရတဲ့ အခါကျတော့ ဒီအတိုင်းပဲ နေတော့မယ်ဆိုတော့ ပြည်သူတွေလည်း ရှိတာပေါ့နော်။ တချို့ ပြည်သူတွေကျတော့ ထပ်ပြီးတော့ ဗုံးလာကြဲမှာ စိုးရိမ်နေတဲ့အခါကျတော့ ထပ်ရွှေ့နေတယ်လို့ သိရတယ်” ဟု ဒီးမော့ဆို PDF မှ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။

ဝှါရီခူကျေးရွာမှာ တော်လှန်ရေး အင်အားစုများ စစ်ရေးလှုပ်ရှားသည့် ဒေသမဟုတ်သည့်အပြင်တိုက်ပွဲဖြစ်ပွားခဲ့ ဖူးခြင်းလည်း မရှိဘဲ စစ်ဘေးရှောင်များသာ နေထိုင်ကြသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် စစ်အုပ်ချုပ်ရေး ကြေညာပြီးသည့်နောက်ပိုင်း ယခုလ ဖေဖော်ဝါရီလ ဒုတိယ အပတ် အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ထို ၃ ကြိမ်အနက် စစ်ဘေးရှောင် ပြည်သူများရှိသည့် နေရာ များသို့ ပစ်မှတ်ထား တိုက်ခိုက်မှုမှာ ၂ ကြိမ်အထိရှိပြီဟု ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) တာဝန်ရှိ သူများက ပြောသည်။ ထို ၂ ကြိမ်အနက် ယခု ၁ ကြိမ် တိုက်ခိုက်မှုမှာ မယ်တော်ဂူဘုရားကျောင်း ထိခိုက်ပျက်စီး ခဲ့ခြင်း ဖြစ်သည်။

September 19, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုတပ်က ဆက်တိုက်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာသူ...