ဝင်းနှင့်ဇော်၏ မိခင်နှစ်ဦး ကျန်းမာရေးမကောင်းဖြစ်နေသဖြင့် ဆေးကုသရန် အကူအညီလိုအပ်နေ

ဝင်းနှင့်ဇော်၏ မိခင်နှစ်ဦး ကျန်းမာရေးမကောင်းဖြစ်နေသဖြင့် ဆေးကုသရန် အကူအညီလိုအပ်နေ

ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မိချောင်းရေသောက်ကျေးရွာမှ ကိုဇော်လင်းနှင့် ကာပီချောင်းကျေးရွာမှ ကိုဝင်ဇော်ထွန်းတို့၏ မိခင်နှစ်ဦးမှာ ကျန်းမာရေးမကောင်းဖြစ်နေကြပြီး ဆေးကုသရန် အကူအညီလိုအပ်နေကြောင်း သိရသည်။

ကိုဇော်လင်း၏ မိခင်ဖြစ်သူ ဒေါ်ဖြူချေနုမှာ ပြီးခဲ့သည့် ဆယ်နှစ်ခန့်မှစ၍ လည်ပင်းအတွင်း အကျိတ်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိတွင် အစာမျိုချရခက်ခဲသည့်အထိ ရောဂါအခြေအနေဆိုးလာနေကာ ဆေးကုသရန်အတွက် ငွေကြေးမတတ်နိုင်ဖြစ်နေကြောင်း သိရသည်။

“သိန်းနှစ်ဆယ်, သုံးဆယ်ကုန်ပြီ၊  နွားတွေ၊လယ်တွေ ရောင်းလိုက်တာလည်း ဆေးကုရင်းနဲ့ ကုန်သွားပြီ။ ရန်ကုန်နဲ့ ဖျာပုံမြို့နယ်က တိုင်းရင်းဆေးဆရာနဲ့လည်း ကုတယ်။ ကျောက်ဖြူမြို့မှာလည်း သွားကုတယ်။ အခု ပိုက်ဆံမရှိတော့ မကုသရဘူး။ တောဆေး၊ တောင်ဆေးတွေ စားပြီးနေရတယ်”ဟု ဒေါ်ဖြူချေနုက DMG ကို ပြောသည်။

အဆိုပါ လည်ပင်းအကျိတ်အခဲကို ဒေသအခေါ်(ပက်ကျိနာ)လို့ ခေါ်ဆိုကြပြီး ဆေးရုံတွင် သေချာကြပ်မတ် ကုသရမည့်ရောဂါဖြစ်သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် တိုင်းရင်းဆေးဆရာများနှင့် ကုသနေရကြောင်း သိရသည်။

အလားတူ ကိုဝင်းဇော်ထွန်း၏ မိခင်မှာလည်း မျက်စိတွင် တိမ်စွဲရောဂါဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ခွဲစိပ်ကုသရန်အတွက် ဆရာဝန်မှ ရက်ချိန်းပေးထားသော်လည်း ငွေကြေးအခက်အခဲနှင့် စားဝတ်နေရေးကို ရုန်းကန်နေရသောကြောင့် လက်ရှိအချိန်ထိ ခွဲစိပ်ကုသနိုင်ခြင်း မရှိသေးပေ။

ကိုဝင်းဇော်ထွန်း၏ မိခင်ဖြစ်သူ ဒေါ်မေသိန်းက “ခွဲစိပ်ဖို့က ငွေမရှိတော့ အဆင်မပြေဘူး။ ခွဲပြီးပြန်ရင်လည်း အလုပ်မလုပ်ရဘဲ နှစ်လ, သုံးလလောက် နားရမယ်ဆိုရင် စားရေး၊သောက်ရေးက အဆင်မပြေတော့ ခွဲစိပ်ဖို့ အဆင်မပြေဘဲ ဒီအတိုင်း ဖြစ်သလိုနေရတယ်”ဟု DMG ကိုပြောသည်။

၎င်းမိခင်နှစ်ဦးမှာ ဝင်းနှင့်ဇော်အတွက် ထိုင်းနိုင်ငံသို့ ထောင်ဝင်စာ သွားတွေ့လိုသော်လည်း ကျန်းမာရေး ချူချာနေခြင်းနှင့် လိုက်ပို့မည့်သူမရှိခြင်း စသည့်အခက်အခဲများ ရှိနေကြောင်းပြောသည်။

ဝင်းနှင့်ဇော်မှာ ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ၊ (လိပ်ကျွန်း)၌ ဗြိတိန်နိုင်ငံသား စုံတွဲနှစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ လူသတ်မှု၊ မုဒိမ်းမှု စသည်တို့ကိုကျူးလွန်ခဲ့သည်ဟုဆိုကာ အမှု ၇ ခုဖြင့် စူရဌာနီခရိုင် ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချက်မှတ်ခဲ့သည်။

ယင်းသို့ သေဒဏ်ချခံရမှုအပေါ် ရှေ့နေများက ခရိုင်တရားရုံးနှင့် ဗဟိုတရားရုံးတို့တွင် အယူခံအဆင့်ဆင့် တက်ခဲ့ကြသော်လည်း အယူခံ ရှုံးနိမ့်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုင်းဘုရင်၏ လွတ်ငြိမ်းခွင့်ဖြင့် သေဒဏ်မှတစ်ဆင့် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ လျှော့ပေါ့သတ်မှတ်ခဲ့ပြီး လက်ရှိ ဝင်းနှင့်ဇော်မှာ ထိုင်းနိုင်ငံတွင် အကျဉ်းကျခံလျက်ရှိသည်။

ဓာတ်ပုံ - DMG
May 22, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီး(အောက်ရွာ)...
May 21, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးသို့ ချဉ်းကပ်လာသော အာဏာသိမ်းစစ်တပ်သည် အာရက္ခတပ်တော်၏...
စစ်ရေးလေ့ကျင့်နေသည့် စစ်တပ် နေဗီတစ်စီး။ ဓာတ်ပုံ - CINCDS
May 20, 2026
စစ်အုပ်စုနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်...
May 19, 2026
အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်သည် လက်ရှိတွင် ပဲခူးတိုင်း၊...