ကလေးမြို့နယ်၊ မှန်တောကျေးရွာက လင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့

ကလေးမြို့နယ်၊ မှန်တောကျေးရွာက လင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်မီးရှို့

ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းမပေါ်တွင်ရှိသော မှန်တောကျေးရွာက လင်မယား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၈ ရက်နေ့ညက သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။

အသတ်ခံရသည့် လင်မယားမှာ အသက် ၅၂ နှစ်အရွယ် Pu Hram Mang နှင့် အသက် ၃၂ နှစ်အရွယ် ဇနီးဖြစ်သူ မမိုးကလျာတို့ဖြစ်ကြပြီး ဖေဖော်ဝရီလ ၈ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့နေအိမ်သို့ ဝင်ရောက်ကာ အကြောင်းပြချက်မရှိဘဲ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူများထံမှသိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် Pu Hram Mang တို့လင်မယားကို လက်နောက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်နှင့်အတူ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Pu Hram Mang ၏ ယောက္ခမ ဦးမောင်ချိူက “ကျွန်တော်က တောထဲမှာနေတာ အဲဒီမှာ သူများအကြောင်းကြားလို့ သိရတယ်၊ သမီးတို့ လင်မယားနှစ်ယောက်စလုံး အသတ်ခံရတာ၊ အိမ်ရော မီးလောင်သွားတော့တာကိုး၊ ကျွန်တော့ကတော့ သမီးကို ဒီလို လူမဆန်မှုလုပ်ရပ်တွေလုပ်တာ သဘောမကျဘူး၊ အလောင်းကတော့ ရှားဖိုက ခရစ်ယာန်သင်္ချိုင်းမှာ ဂှုသွင်းလိုက်ပြီးပြီ။” ဟု ပြောသည်။

ကလေးမြို့နယ်၊ မှန်တောကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်တပ်ဖွဲ့များ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသောကြောင့် ရွာသားအများစုသည် ကလေးမြို့ဘက်နှင့် အခြား ကျေးရွာ၊ လယ်တောများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်မှာ ၁ နှစ်ကျော်ရှိပြီဟု သိရသည်။

အသတ်ခံရသော Pu Hram Mang တို့လင်မယားတွင် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်ဟုသိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ ၆ နာရီအချိန်ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် လောက်တူနှစ်ခြင်းအသင်းတော်ပါစတာသား အသက် ၁၉ နှစ်အရွယ် မောင်ဘီးလိုထန်း (ခ) ဘီးဘီး သေဆုံးခဲ့သည်ဟု သိရသည်။

May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...