မောင်တောဒေသမှ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးကိစ္စ စစ်ကောင်စီ ကြိုးပမ်းနေ

မောင်တောဒေသမှ ထွက်ပြေးသွားသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးကိစ္စ စစ်ကောင်စီ ကြိုးပမ်းနေ
ရခိုင်ပြည်တွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော မွတ်ဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။
ရခိုင်ပြည်တွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော မွတ်ဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။

၂၀၁၇ ခုနှစ်က စစ်တပ်၏ နယ်မြေရှင်းလင်းမှုဖြစ်စဉ်အတွင်း ရခိုင်ပြည်၊ မောင်တောဒေသမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီက စီစဉ်နေကြောင်း သိရသည်။

မွတ်ဆလင်များ ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး ယမန်နေ့(ဇန်နဝါရီလ ၇ ရက်)က မောင်တောမြို့ မြောက်ပိုင်းရှိ တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် ပြန်လည်လက်ခံရေးစခန်းများသို့ စစ်ကောင်စီ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်း မောင်တောဒေသခံများက DMG သို့ပြောသည်။

“မနေ့က သူတို့(စစ်ကောင်စီ)က ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တယ်။ အဓိကတော့ မွတ်ဆလင်တွေကို ပြန်လည်လက်ခံဖို့အတွက်ပါ။ ဘယ်နေ့လက်ခံမယ် ဆိုတာတော့ ကျနော်တို့လည်း မသိဘူး။ မနေ့က ညနေ ၅ နာရီကျော်လောက်မှာမှ စစ်လေယာဉ်နဲ့ပြန်သွားကြတယ်”ဟု ကျီးကန်ပြင်ကျေးရွာသားတစ်ဦးက ပြောသည်။

အဆိုပါ မောင်တောခရီးစဉ်တွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ သက်သက်ခိုင်နှင့် အခြားတာဝန်ရှိသူများပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် ပြန်လည်လက်ခံရေးစခန်းများကို အဆင်သင့်ပြင်ထားရန် စစ်ကောင်စီဝန်ကြီးများက ဒေသအာဏာပိုင်များကို မှာကြားခဲ့ကြောင်းလည်း သိရသည်။

ပြန်လည်လက်ခံရေးစခန်းတစ်ခုဖြစ်သော လှဖိုးခေါင်စခန်းတွင် ပျက်စီးနေသည့်နေအိမ်များကို စစ်ကောင်စီက  ပြုပြင်နေသည်ဟုလည်း မောင်တောမြို့မှ ဒေသခံတစ်ဦးကပြောသည်။

“စစ်သားတွေက ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ အလုပ်သမားတွေကိုခေါ်ပြီးတော့ လှဖိုးခေါင်စခန်းကို သွားခဲ့ကြတယ်။ နောက်ပြီးတော့ အဲဒီစခန်းက ပျက်စီးနေတဲ့သံဖြူတွေကို သယ်လာတာတွေ့ရတယ်။ ဒေါ်သက်သက်ခိုင်လည်း အဲဒီစခန်းတွေကို သွားကြည့်ခဲ့တယ်။ အဓိကတော့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ မွတ်ဆလင်တွေကို ပြန်လည်လက်ခံရေးအတွက်ပါ”ဟု ၎င်းကဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားကြသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံမည့် အစီအစဉ်နှင့်ပတ်သက်ပြီး မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကံထွန်းအောင်နှင့် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဉီးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးပေ။

စစ်ကောင်စီက မွတ်ဆလင်များကို ပြန်လည်လက်ခံရန်ကြိုးပမ်းနေခြင်းမှာ နိုင်ငံတကာဆက်ဆံရေး ပုံရိပ်ကျဆင်းနေမှုကို ကိုယ့်ကျိုးအတွက် ပြန်လည်အသုံးချရန် လုပ်ဆောင်နေခြင်းဟု နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီက ဒီလိုအကျပ်အတည်းဖြစ်နေတဲ့ကာလမှာ နိုင်ငံတကာ ပုံရိပ်ကျနေတဲ့ ဒီကိစ္စကို အကောင်းဆုံးဖြေရှင်းဖို့၊ ပြန်လည်လက်ခံဖို့ဆိုတဲ့ ကိစ္စတွေဟာ ပြန်ပြီးတော့ ပြောလာတာဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စက နိုင်ငံတကာဖိအားကြောင့်တော့ မဟုတ်ဘူး။ နိုင်ငံတကာက လိုလားနေတဲ့ကိစ္စတစ်ခုကို စစ်ကောင်စီ အနေနဲ့ ပြန်ပြီးတော့ ကိုယ့်အကျိုးအတွက် အသုံးချဖို့လုပ်နေတယ်လို့ပဲမြင်တယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော (NLD)အစိုးရ လက်ထက်က အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

၂၀၁၇ ခုနှစ်က မောင်တောဒေသတွင် ARSA အဖွဲ့သည် ရဲကင်းစခန်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇)သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက ပြောဆိုထားသည်။

ရခိုင်ပြည်တွင် ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာကြသော မွတ်ဆလင်ဒုက္ခသည်များကို တွေ့ရစဉ်။(ဓာတ်ပုံ- AFP)

April 7, 2026
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးနိုင်ဦးအား...
April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...