နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက သူ၏ ဖေဖော်ဝါရီ ၄ ရက် ရခိုင်ပြည် ခရီးစဉ်အတွင်း ရခိုင်ပြည်သူများ ဂုဏ်သိက္ခာရှိရှိနေနိုင်အောင် တတ်နိုင်သမျှ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို ထောက်ပံ့ကူညီသွားရန် ကတိပြုပြောဆိုခဲ့သည်ဟု သတင်းရရှိသည်။
ရခိုင်တွင် နီပွန်ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုများအား လိုက်ပါဆောင်ရွက်ပေးနေသည့် ဦးဝင်းအောင်က "ပဋိပက္ခနဲ့ ဆင်းရဲမွဲတည်မှုဟာ တိုက်ရိုက်အချိုးကျနေတဲ့အတွက် ဆင်းရဲ ကျပ်တည်းတဲ့ ရခိုင်ပြည်သူ၊ ပြည်သားတွေ ဂုဏ်သိက္ခာရှိရှိနေနိုင်အောင် တတ်နိုင်သမျှ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေအပါအဝင် ကျောင်း၊ ဆေးခန်း၊ တခြား လိုအပ်တာတွေကို ပံ့ပိုးကူညီမယ်ဆိုပြီး ကတိကဝတ်ပြုထားတာတွေရှိတယ်။ လောလောဆယ် ကျောင်းက(၁၆) ကျောင်း ဆောက်ဖို့အတွက် စီစဉ်နေတယ်" ဟု ပြောဆိုသည်။
လက်ရှိတွင် စာသင်ကျောင်းတချို့ စတင်တည်ဆောက်ရန်ပြင်ဆင်နေပြီး ၎င်းကျောင်းများကို ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ မြေပုံ၊ ပေါက်တော နှင့် ရသေ့တောင်တို့တွင် ဆောက်လုပ်သွားမည်ဟု သိရသည်။
ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဌ မစ္စတာ ဆာဆာကာဝါ၏ ဖေဖော်ဝါရီ ၄ ရက် နေ့ချင်းပြန် ရခိုင်ခရီးစဉ်တွင် မြောက်ဦးမြို့နယ်က စစ်ဘေးရှောင်စခန်း (၅) ခုကို စောင် (၂) သောင်းကျော် ကူညီ ထောက်ပံ့ပေးခဲ့သည်။

၎င်းစစ်ဘေးရှောင်စခန်းများမှာ မြောက်ဦးရှိ တိမ်ညို၊ ကျောက်ရာဇ်ကေ၊ မြို့ဦးခေါင်း၊ မြတန်ဆောင်း၊ မြို့သစ်တို့ ဖြစ်ကြပြီ ဒုက္ခသည် တစ်ဦးလျှင် စောင်တစ်ထည်နှုန်းနှင့် စောင်အရေအတွက် နှစ်သောင်းကျော် လှူဒါန်းခဲ့သည်ဟုဆိုသည်။
"စစ်တွေကို ရောက်တာနဲ့ ရဟတ်ယာဉ်နဲ့ မြောက်ဦးကို သွားတယ်။ မြောက်ဦးမှာလှူတယ်။ ပြီးတာနဲ့ စစ်တွေမှာလည်း (ဘာဆာ) မူဆလင်ကန့်ကို ခဏဝင်ပြီး ကြည့်ရှုတယ်။ နောက်တော့ လူမှုအဖွဲ့အစည်းနဲ့ လူကြီးတစ်ယောက်ပေါ့လေ။ လူကြီးဆိုတာက မြို့မိမြို့ဖ နိုင်ငံရေးအရပြောနိုင်ဆိုနိုင်တဲ့ လူကြီးတစ်ယောက်၊ နောက်ဖွံ့ဖြိုးရေးနဲ့ ဒုက္ခသည်ကိစ္စရေး လုပ်နေသူတစ်ယောက်၊ နောက်အမျိုးသမီး တစ်ယောက် (၃) ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ ညနေပိုင်းမှာတော့ သူတို့ လေယာဉ်နဲ့ ရန်ကုန်ကို တန်းပြန်သွားတယ်" ဟု ပြောသည်။
၎င်းသည် ရက္ခိုင့်တပ်တော် အေအေနှင့် မြန်မာစစ်ကောင်စီအကြား အပစ်ရပ်ရေးအတွက် ကြားဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။
ယခုခရီးစဉ်သည် တည်ငြိမ်အေးချမ်းရေး နှင့် နိုင်ငံရေးပြဿနာကိုဖြေရှင်းရန် ကိစ္စရပ်များမှာ အတိုင်းအတာတစ်ခုအထိအကျိုးရှိခဲ့သည်ဟု ဦးဝင်းအောင်က ဆိုသည်။
"အဓိကက တည်ငြိမ်အေးချမ်းရေး နဲ့ နိုင်ငံရေးပြဿနာကိုဖြေရှင်းဖို့ကိစ္စရပ်တွေမှာတော့ သူလာတာ အတိုင်းအတာတစ်ခုထိအကျိုးရှိတယ်လို့ မြင်တယ်။ "
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါသည် ရခိုင်နိုင်ငံရေး၊ စစ်ရေးအပေါ် လွှမ်းမိုးမှုရှိသူတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်က ရခိုင်ပြည်စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ညှိနှိုင်းပြောဆိုမှုများရှိခဲ့သလို ၂၀၂၂ ခုနှစ်တကျော့ပြန်တိုက်ပွဲများလည်း မစ္စတာဆာဆာကာဝါ၏ ညှိနှိုင်ပေးခဲ့ကြောင့် နိုဝင်ဘာ ၂၆ ရက်တွင် လူသားချင်းစာနာမှုဆိုင်ရာအပစ်ခတ်ရပ်ခဲ့ကြသည်။







