ပြည်ပထွက်ခွာရန်ကြိုးစားသည့် ရခိုင်က မွတ်ဆလင် ၄၀၀ ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့

ပြည်ပထွက်ခွာရန်ကြိုးစားသည့် ရခိုင်က မွတ်ဆလင် ၄၀၀ ကျော်ကို စစ်ကောင်စီက နေရပ်ပြန်ပို့
စစ်တွေမြို့နယ်၊ ဘောဒူဖ ဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တွေ့ရစဉ်။
စစ်တွေမြို့နယ်၊ ဘောဒူဖ ဒုက္ခသည်စခန်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် တွေ့ရစဉ်။

တရားမဝင်နည်းလမ်းဖြင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာရန် ကြိုးစားခဲ့ကြသည့် ရခိုင်ပြည်၊ ဘူးသီးတောင်နှင့် မောင်တောဒေသက မွတ်ဆလင်အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်အပါအဝင် စုစုပေါင်း ၄၂၃ ဦးကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က မောင်တောမြို့နယ်မှ ၂၆၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှ ၁၆၃ ဦးတို့ကို စစ်ကောင်စီ၏ အစီအစဉ်ဖြင့် စစ်တွေမြို့ကနေ ဘူးသီးတောင်မြို့သို့ အောင်တံခွန်သင်္ဘောဖြင့် ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ၎င်းတို့နေထိုင်ရာ နေရာအသီးသီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“သင်္ဘောနှစ်စီးနဲ့ ပို့ဆောင်ပေးခဲ့တာပါ။ သူ့တို့က နိုင်ငံခြားကို တရားမဝင်သွားတဲ့အခါ လမ်းမှာ ဖမ်းဆီးခံရသူတွေ ဖြစ်တယ်။ မနေ့ကပဲ သူတို့အားလုံးကို ဘူးသီးတောင်ကနေတစ်ဆင့် နေထိုင်ရာနေရာတွေဆီ ကားနဲ့ပို့ဆောင်ပေးလိုက်တယ်။ အဲဒီထဲမှာ တချို့ကတော့ Camp (ဒုက္ခသည်စခန်း)တွေက ပါကြတယ်”ဟု ပို့ဆောင်ရေးခရီးစဉ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မွတ်ဆလင်များမှာ ရခိုင်ပြည်မှ တရားမဝင်ထွက်ခွာစဉ် မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း စသည့် နေရာအသီးသီးတွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

မွတ်ဆလင်များမှာ ၂၀၁၂ ခုနှစ်က ရခိုင်တွင်ဖြစ်ပွားခဲ့သည့် လူမျိုးရေးဆန်ဆန် ပဋိပက္ခများနောက်ပိုင်း တစ်မြို့နယ်နှင့် တစ်မြို့နယ် သွားလာခွင့်ကို ကန့်သတ်ခံခဲ့ကြရသည်။ ဒုက္ခသည်စခန်းများ၌ နေထိုင်ကြသည့် မွတ်ဆလင်များအပါအဝင် ကျေးရွာတွင်နေထိုင်ကြသော မွတ်ဆလင်များကိုပါ အာဏာပိုင်များက လုံခြုံရေးတင်းကျပ်စွာ ချထားကာ ခရီးသွားလာခွင့် တားမြစ်ခဲ့သည်။

ဆယ်စုနှစ်တစ်ခုကြာ သွားလာခွင့် ကန့်သတ်ခံထားရသည့် မွတ်ဆလင်များမှာ အလုပ်အကိုင်ရှားပါးမှုနှင့် ဆင်းရဲကျပ်တည်းမှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရသည့်အတွက် ပြည်ပနိုင်ငံများသို့ နည်းလမ်းအမျိုးမျိုးဖြင့် ထွက်ခွာရန် ကြိုးပမ်းလာခဲ့ကြသည်။

“ဒီမှာနေရတာက အရင် ကိုယ့်ရွာမှာနေသလိုမျိုး မနေရဘူး။ (ဒုက္ခသည်စခန်းက) ၁၁ ပေ ပတ်လည် အခန်းလေးတစ်ခုမှာ မိသားစုရှစ်ယောက်လောက် နေရတယ်။ အဲဒီကြားမှာ မိသားစုတွေက တိုးလာတယ်။ အခန်းကကျဉ်းတယ်။ အလုပ်အကိုင်ကလည်း အဆင်မပြေဘူး။ အစိုးရနဲ့ အလှူရှင်တွေက ရိက္ခာတော့ထောက်ပံ့တယ်။ ဒါပေမဲ့ မလုံလောက်ဘူး။ ကိုယ့်ဟာကိုယ် လွတ်လပ်စွာနေချင်တယ်။ သားသမီးတွေကိုလည်း စာသင်လို့ရအောင် အဲလိုမျိုးနေထိုင်ချင်လို့ ထွက်ခွာနေကြတာဖြစ်တယ်”ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ဒုက္ခသည်ခစန်းမှ မွတ်ဆလင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်မှ ပြည်ပနိုင်ငံသို့ ထွက်ခွာနေကြသည့် မွတ်ဆလင်များထဲတွင် အမျိုးသား၊ အမျိုးသမီးများ၊ ကလေးငယ်များမှာ မိသားစုအလိုက် ပါဝင်ကြပြီး ပြည်ပနိုင်ငံသို့ ထွက်ခွာရန်အတွက် ပွဲစားများကို တစ်ဦးလျင် ငွေကျပ်သိန်း ၆၀ မှ သိန်း ၈၀၊ သိန်း ၁၀၀ အထိ ပေးဆောင်ကြရကြောင်း မွတ်ဆလင် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။

ထိုသို့ ထွက်ခွာသည့် မွတ်ဆလင်များမှာ ပွဲစားများနှင့်ချိတ်ဆက်ကာ ရေလမ်း၊ ကုန်းလမ်း စသည့် တရားမဝင်လမ်းကြောင်းများမှ သွားရန်ကြိုးပမ်းနေကြပြီး အများအပြားမှာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းများကို ခံနေရသည်။

ထိုသို့ ငွေကြေးအမြောက်အများပေးပြီး သွားနေကြသည့် မွတ်ဆလင်များမှာ ဖမ်းဆီးခံရပြီး ပို့ဆောင်ပေးနေသော ပွဲစားများကတော့ လွတ်မြောက်နေခြင်းများ ရှိနေသည့်အတွက် ပွဲစားဈေးကွက်ကို ထိရောက်စွာ ကိုင်တွယ်သင့်ကြောင်း ဘူးသီးတောင်မြို့မှ မွတ်ဆလင်တစ်ဦးက ပြောသည်။

“အမှန်က အဲဒီလမ်းကြောင်းအတိုင်းသွားတာက မကောင်းဘူး။ အဓိက လူပွဲစားတွေ စည်းရုံးပြီးတော့ လမ်းကြောင်းကျပ်နေချိန်မှာ သွားကြတယ်။ လူပွဲစားတွေ ပိုက်ဆံရဖို့အတွက်ဖြစ်သွားတယ်။ လူပွဲစားတွေက ပိုက်ဆံရသွားတယ်။ ဒါပေမဲ့ ကာယကံရှင်တွေကတော့ အဖမ်းခံရတယ်။ အဓိက ပွဲစားတွေကို အစိုးရဘက်ကနေ ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် ဒီကိစ္စတွေက လျော့သွားမယ်လို့ထင်တယ်”ဟု ၎င်းကပြောသည်။

ပြည်ပသို့ တရားမဝင်ထွက်ခွာမှုကြောင့် မွတ်ဆလင်များမှာ အနိမ့်ဆုံး ထောင်ဒဏ် ၆ လမှ အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်ငံသည့် လဝက ဥပဒေပုဒ်မ ၁၃ နှင့် တရားစွဲဆိုခြင်းကိုလည်း ခံကြရသည်။ သိုသော်လည်း မွတ်ဆလင်များမှာ အခက်အခဲအမျိုးမျိုးကြားကနေ ငွေကြေးအများအပြား ပေးဆောင်ကာ ပြည်ပနိုင်ငံများသို့ နည်းလမ်းပေါင်းစုံနှင့် ထွက်ခွာနေကြဆဲဖြစ်သည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...