ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် ဂူဝဘုရားပွဲတွင် ညအချိန် ပွဲလမ်းသဘင်မကျင်းပရန် စစ်ကောင်စီတားမြစ်

ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် ဂူဝဘုရားပွဲတွင် ညအချိန် ပွဲလမ်းသဘင်မကျင်းပရန် စစ်ကောင်စီတားမြစ်
မင်းဗာဘုရင် တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ဂူဝဘုရားအား ဖူးတွေ့ရစဉ်။
မင်းဗာဘုရင် တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်ဂူဝဘုရားအား ဖူးတွေ့ရစဉ်။

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင် စမြုံတော်ဓာတ်စေတီတော်နှင့် ဂူဝဘုရားပွဲတွင် ညအချိန်အတွင်း ပွဲလမ်းသဘင် မကျင်းပရန် စစ်ကောင်စီက တားမြစ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် ပုဏ္ဏာကျွန်းမြို့နယ်အတွင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ရှိသည်ဟုဆိုကာ ညအချိန်အတွင်း ပွဲလမ်းသဘင် မကျင်းပရန် ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းမှ တပ်ရင်းမှူးအဆင့်ရှိသူတစ်ဦးက လာရောက်ပြောဆိုခဲ့ကြောင်း လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

“စစ်တပ်က ညပွဲ လုံးဝ ကျင်းပခွင့်မပြုပေးဘူး။ မနက် ၆ နာရီကနေ ည ၆ နာရီထိပဲ လုပ်ခိုင်းတယ်။ ကျနော်တို့မှာ ရခိုင်အဆိုတော်တွေကို ဖိတ်ထားပြီးမှ ပြန်ဖျက်ရတာမျိုးတွေရှိတယ်။ ၉ နာရီဆိုရင် ညမထွက်ရအမိန့် ၁၄၄ ထုတ်ထားတာကြောင့် ကျနော်တို့က ပွဲကို ည ၈ နာရီ အပြီးလုပ်မယ်ဆိုပြီး စီစဉ်တာပါ။ ကျနော်တို့က အချိန်အလွန်တောင်းတာ မဟုတ်ပါဘူး။ ည ၈ နာရီထိပဲတောင်းတာကို သူတို့ကခွင့်မပြုပါဘူး”ဟု ၎င်းကပြောသည်။

သမိုင်းဝင် စမြုံတော်ဓာတ်စေတီတော်နှင့် ဂူဝဘုရားပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ စည်းကားသိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကာ နေ့ဘက်တွင် ရိုးရာပွဲတော်များဖြစ်သည့် ချောတိုင်တက်ပွဲ၊ လွန်ဆွဲပွဲ၊ အထုတ်သတ်ပွဲနှင့် ဖူဆယ်ဘောလုံးပွဲများ ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ညဘက်တွင် ဖျော်ဖြေရေးပွဲနှင့် ဇာတ်ပွဲကို ထည့်သွင်းကျင်းပသွားရန် စီစဉ်ထားကြသည်။

သို့သော်လည်း လက်ရှိတွင် ညအချိန်အတွင်း ပွဲလမ်းသဘင်မကျင်းပရန် တားမြစ်ခံရသဖြင့် ဘုရားပွဲကို မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိသာ ကျင်းပရန်စီစဉ်လိုက်ရကြောင်း သိရသည်။

“အရင်ကလည်း ကျနော်တို့မှာ ဓလေ့ထုံးတမ်း အစဉ်အလာအရ ဂူဝဘုရားပွဲကို သုံးည၊ လေးည ကျင်းပကြတယ်။ အခုဆိုရင် ညပွဲကျင်းပခွင့် မရတာကတော့ ဓလေ့ထုံးတမ်းအရသော်လည်းကောင်း၊ အစဉ်အလာကိုသော်လည်းကောင်း မြို့ခံတစ်ယောက်အနေနဲ့သိပ်စိတ်မကောင်း ဖြစ်ရတယ်”ဟု ပုဏ္ဏားကျွန်းမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်ယေက ပြောသည်။

ပုဏ္ဏားကျွန်းမြို့တွင် စမြုံတော်ဓာတ်စေတီတော်နှင့် ဂူဝဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း တပို့တွဲလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်။

ရခိုင်သမိုင်းမှာ ဒုတိယမြောက်ဦးခေတ် စတင်ရာ အေဒီ ၁၅၃၁ တွင် မင်းဗာဘုရင် နန်းတက်ရာ ကုသိုလ်တော်အဖြစ် ကျောက်တောင် (၉) လုံးကို ဂူအဖြစ် ဖောက်ထွင်းပြီး ဘုရားတည်ထားကိုးကွယ်ခဲ့ရာ ဂူဝဘုရားလည်း အပါအဝင် ဖြစ်သည်။ ဂူဝဘုရားသည် ကျောက်တစ်လုံးတည်းတွင် ဂူပေါက် ၁၁ ပေါက်အထိ ဖောက်ထွင်းကာ ဂူပေါက် ၁ ခုစီတွင် ဘုရားဆင်းတုတော်များကို ထုဆစ်ပူဇော်ထားသည်။

ဂူဝဘုရားမြောက်ဘက်အနီး သာလမယ တောင်ထိပ်တွင် တည်ရှိသော စမြုံတော်ဓာတ်စေတီတော်ကို ကောဇာသက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင်  သူရိယစက္ကမှ တည်ထားကိုကွယ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...