အဆောင်း မောင်းနှင်လာခဲ့သော ဆိုင်ကယ်တူးဘောက်(စ်)အတွင်းမှ ပစ္စတိုအမဲရောင်သေနတ်(၁)လက်၊ ၄င်းကျည်အိမ်(၁)ခု၊ ကျည်အိမ်အတွင်း ၉ မမ ပစ္စတိုကျည်(၈)တောင့်နှင့် ဗညားဋ္ဌေးမှ SMIT & WESSON အမျိုးအစား စတီးလ်ရောင်ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၇)တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
''မွန်ပြည်သစ်ပါတီကလို့သိရတယ်၊ ထားဝယ်ဘက်မှ ၀ယ်ဇင်ကျေးရွာ မွန်ပြည်သစ်ပါတီဌာနချုပ်အပြန်မှာ ဖမ်းဆီးရမိခဲ့တာပါ '' ဟု ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်နက်များတရားမဝင်လက်ဝယ်ထားရှိသူ အဆောင်း၊ ဗညားဋ္ဌေး၊ အာနိုးတို့အား ရေးမြို့နယ်အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွင် လိုအပ်သောစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်ဆံများအား စကခ(၁၉)တွင် သိမ်းဆည်းထားပြီး လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်မည်ဖြစ်ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။
မွန်ပြည်သစ်ပါတီ ရေးမြို့နယ်ဆက်ဆံရေးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တာဝန်ခံဖြေကြားမည့်သူမရှိကြောင်းပြန်လည်ဖြေကြားခဲ့ကြောင်းနှင့်မွန်ပြည်သစ်ပါတီပါတီနှင့်နီးစပ်သူတစ်ဦးမှလည်း ၄င်းတို့(၃)ဦးမှာမွန်ပြည်သစ်ပါတီ၊ ၀ယ်ဇင်စခန်းမှဖြစ်ကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီးသက်ဆိုင်ရာနှင့် ညှိနှိိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
စစ်ဆေးချက်အရ မွန်ပြည်သစ်ပါတီမှဟုသိရပြီး အဆောင်းမှာ အရာခံဗိုလ်အဆင့်၊အာနိုးမှာ တပ်သားအဆင့်နှင့် ဗညားဋ္ဌေး(ခ)သောင်းဋ္ဌေးမှာ ရေး(တောင်ပိုင်း)တာဝန်ခံတို့ဖြစ်ကြောင်းနှင့် ၄င်းတို့ (၃)ဦးအား ရေးမြို့မရဲစခန်းမှ မမစ(ရေး) (ပ) ၂၃၈/၂၀၁၇၊ ၁၈၇၈ ခုနှစ်၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉ (စ)အရ အမှုဖွင့်တရားစွဲဆိုသွားမည်ဖြစ်ကြောင်းရေးမြို့မရဲစခန်းက သိရသည်။
မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် ပြည်နယ်/ပြည်ထောင်စုအဆင့် အပစ်ရပ်စဲမှုလက်မှတ်ရေးထိုးပြီးသော်လည်း တစ်နိုင်ငံလုံပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးရသေးပေ။







