စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ကို နေ့စဥ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုရှိ

စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ကို နေ့စဥ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုရှိ

မြေပြင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က လွိုင်ကော်မြို့ပြင်ဖက်ကို ယခုအပတ်အတွင်း ဇန်နဝါရီလ ၁၂ရက်နေ့ကစပြီး နေ့စဥ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိနေတယ်လို့ မြေပြင် သတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

“တိုက်ပွဲလည်း မရှိပါဘူး။ ဒါပေမဲ့ သူတို့(စစ်ကော်မရှင်) ဖက်က ပစ်ခတ်တာတွေလုပ်တယ်ပေါ့။ သူတို့(စကမ) ဖက်ကနေတော့ လက်နက်ကြီးးတွေ ထုလာတယ်။ ” လို့ မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက ဆိုပါတယ်။

လက်ရှိ လွိုင်ကော်မြို့ပေါ်မှာတော့ စစ်ကော်မရှင်ကနေ ( ၇၄ ) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး နာမယ်ကြီးအဆိုတော်တွေ ၊ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စည်ကားစွာ ပြုလုပ်နေတာပါ။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းမှာ လွိုင်ကော်မြို့ပြင်ဖက်ကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်သံကို မြို့တွင်းကနေ ကြားခဲ့ရတယ်လို့ လွိုင်ကော်မြို့ခံတဦးက အခုလို ပြောပါတယ်။

“ရှေ့ရက်ကတော့ လက်နက်ကြီးဆက်တိုက်ထုတယ် မြို့ပြင်ဖက်ကိုပေါ့ ပွဲခင်းထဲကနေလည်း အကျယ်ကြီးကြားနေရတယ်။ အဲ့ညက 5 Star လူရွှင်တော်အဖွဲ့တွေ ဒေါဥခူအားကစားကွင်းမှာ ဖျော်ဖြေတဲ့ညပေါ့။ တချို့ကျတော့လည်း လက်နက်ကြီးသံကြားတော့ ကြောက်ပြီး ပြန်ကြတာရှိတယ် ပွဲတော့ မပျက်ဘူး။ လူစည်ပါတယ် ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါတော့လေ။” လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်း နဲ့ လွိုင်လင်လေးမြို့က စစ်ကော်မရှင် တပ်ရင်းတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာရှိရာဖက်ကို လက်နက်ကြီးပစ်ခတ်လာတယ်လို့ လွိုင်ကော်အရှေ့ခြမ်းက ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ဒီရက်ပိုင်း လွိုင်လင်ဖက်ကနေ မနက်မနက် ၃ လုံးပုံမှန်ထုလာတာရှိတယ်။ ဒီအရှေ့ဖက်ခြမ်းပေါ့။ သူတို့(စစ်ကော်မရှင်) စစ်ကြောင်းထိုးလာဖို့လား ဘာအတွက်လည်းတော့မသိဘူးပေါ့။ တမင်ကို ပစ်တာလား‌တော့ မပြောတတ်တော့ဘူး။”လို့ လွိုင်ကော်အရှေ့ခြမ်းက ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူထုထိခိုက်မှု တစုံတရာ မကြားရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကယားပြည်နယ်နေ့ပွဲကို စစ်ကော်မရှင်က စည်ကားစွာ ပြုလုပ်နေပေမယ့် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် လူထုတွေ ကြောက်လန့်နေရတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...