ဘုရားဖူးကားပေါ် လက်နက်ကြီးကျ၊ ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ဘုရားဖူးကားပေါ် လက်နက်ကြီးကျ၊ ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

မွန်ပြည်နယ်သို့ ဘုရားဖူးလာသော ကားပေါ် လက်နက်ကြီးကျည်ကျပေါက်ကွဲပြီး ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဆုံနေရာတွင် ဘုရားဖူးကား တစ်စီးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘုရားဖူး ၁ ဦး သေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

မုပ္ပလင်ဒေသခံတစ်ဦးက “ဘာတိုက်ပွဲမှမရှိဘူး။ တိုက်ပွဲမဖြစ်ပဲနဲ့ လက်နက်ကြီးက ကျလာတာ။ ဘယ်ကနေ ပစ်လာတာလဲတော့ ကျနော် တို့လည်း မသိဘူး။ ဘုရားဖူးကားပေါ်ကျသွားတော့ ကားပေါ်မှာပါလာတဲ့ အမျိုး သား ၁ ဦးတော့ သေသွားတယ်။ ကျန်တဲ့သူတွေကျတော့ ဒဏ်ရာရသွားတယ်” ဟု ပြောသည်။

မကွေးတိုင်း‌ဒေသကြီး၊ နတ်မောက်မြို့ဘက်မှ မွန်ပြည်နယ်သို့ ဘုရားဖူးလာသည့် Light Truck အမျိုးအစား ကား သည် ဇန္နဝါရီလ ၂၅ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်က မုပ္ပလင်ကျေးရွာ ကားလမ်းဆုံနေရာတွင် ၄၀ မမ ကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လူ ၁၂ ဦး စီးနင်းလိုက်ပါလာသည့် အဆိုပါ ဘုရားဖူးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသား ၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သူများကို လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ၏ အကူအညီဖြင့် ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်ဟုလည်း မုပ္ပလင်ဒေသခံများက ပြောသည်။

ဘုရားဖူးကားပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်မှုဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့ လက်ချက်ဖြစ်သည်ဟု ဝါဒဖြန့် ပြောဆိုနေပြီး KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့ဘက်ကလည်း စစ်ကောင်စီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ဖြစ်သည်ဟု နှစ်ဖက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြ သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင်လည်း ကျိုက်ထီးရိုး၊ ကင်းမွန်းစခန်းတောင်တက် ကားဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဘုရားဖူး ၃ ဦး သေဆုံးကာ ၁၀ ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကင်းမွန်းစခန်းတောင်တက် ကားဂိတ် ပစ်ခတ်မှုဖြစ်စဥ်တုန်းကလည်း စစ်ကောင်စီတပ်နှင့်ကရင်ပူးပေါင်းအဖွဲ့တို့ အကြား အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းပေါ်ရှိ သထုံ၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ခရီးသည်တင်ကား ပစ်ခတ်ခံရသည့် ဖြစ်စဥ်များ လည်း ရှိခဲ့သည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...