စစ်တွေက ဒုက္ခသည်စခန်းများတွင် လူဦးရေတိုးလာသဖြင့် နေထိုင်ရေး ကျပ်တည်းလာကြောင်းပြော

စစ်တွေက ဒုက္ခသည်စခန်းများတွင် လူဦးရေတိုးလာသဖြင့် နေထိုင်ရေး ကျပ်တည်းလာကြောင်းပြော

ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် ဆယ်စုနှစ်တစ်ခုကြာ နေထိုင်နေရသည့် မွတ်ဆလင်ဒုက္ခသည်များမှာ လူဦးရေတိုးလာခြင်းကြောင့် လက်ရှိတွင် နေထိုင်ရေး ကျပ်တည်းလာနေကြောင်း သိရသည်။

ဒုက္ခသည်စခန်းမှ ၁၀ ပေပတ်လည်ရှိသည့် အခန်းတစ်ခုအတွင်း မိသားစုဝင် ၁၀ ဦးကျော်အထိ နေထိုင်နေကြရသဖြင့် နေအိမ်များ တိုးချဲ့ဆောက်လုပ်ပေးရန် ဒုက္ခသည်များက လိုလားနေကြသည်။

အချို့သော ဒုက္ခသည်များမှာ နေထိုင်ရန်နေရာမဆံ့သဖြင့် စခန်းအနီးရှိလယ်ကွင်းပြင်တွင် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်နေကြသည်ဟု ဘောဒူဖဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက DMG သို့ပြောသည်။

“တချို့မိသားစုတွေမှာက ၁၀ ယောက်၊ ၁၅ ယောက်လောက် နေရတာတွေရှိတယ်။ အဆောင်တွေမှာက လူ ၄ ယောက်လောက်ပဲ နေလို့ရတယ်။ တချို့ ငွေမတတ်နိုင်တဲ့ လူတွေဆိုရင်လည်း အဆင်ပြေသလို နေရတာတွေရှိတယ်။ မိသားစုဝင်များတဲ့ လူတွေဆိုရင်လည်း လယ်ပြင်မှာသွားပြီး ဖြစ်သလိုနေကြတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် စစ်တွေမြို့နယ်မှ မွတ်ဆလင် တစ်သိန်းကျော်မှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားကြသည်။

ဒုက္ခသည်စခန်းများ စတင်ဖွင့်လှစ်ချိန်က အခန်းတစ်ခန်းတွင် မိသားစုဝင် ၆ ဦးစီ နေထိုင်နိုင်ခဲ့သော်လည်း ဆယ်စုနှစ်တစ်ခု ကြာမြင့်လာပြီးနောက်တွင် လူဦးရေတိုးလာသဖြင့် နေထိုင်ရန်နေရာမဆံ့ ဖြစ်လာနေခြင်းဖြစ်သည်။

စစ်တွေမြို့နယ်တွင် ဘောဒူဖ(၁)၊ ဘောဒူဖ(၂)၊ သဲချောင်း၊ ဆေးသမား၊ ဒါးပိုင်၊ သက္ကယ်ပြင်၊ ဘာဆာရွာ စသည့်ဒုက္ခသည်စခန်း ၁၂ ခုရှိပြီး ဒုက္ခသည်ဦးရေ ၁၀၇၂၁၈ (တစ်သိန်းခုနှစ်ထောင်)ခန့်ရှိကြောင်း သိရသည်။

ဒုက္ခသည်စခန်းသို့ရောက်ရှိသွားကြသည့် မွတ်ဆလင်များမှာ တစ်ရွာနှင့်တစ်ရွာ၊ တစ်မြို့နယ်နှင့် တစ်မြို့နယ် ခရီးသွားလာခွင့်ကို အာဏာပိုင်များက တင်းကျပ်ထားမှုကြောင့် ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းမှအစ ဆုံးရှုံးနေသည်ဟု မွတ်ဆလင်များကပြောသည်။

သဲချောင်းဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက “တချို့ကတော့ ငါးဖမ်းဘုတ်တွေမှာလိုက်ပြီး အလုပ်,လုပ်ကြတယ်။ တချို့ကျတော့လည်း ဆိုင်ကယ်ကယ်ရီမောင်းတဲ့ အလုပ်,လုပ်ကြတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်းမှာ အနည်းဆုံးက ၉၀ လောက် အလုပ်လက်မဲ့ဖြစ်နေပါတယ်။ ကျန်တဲ့လူတွေက အထောက်အပံ့တွေနဲ့ပဲ ရပ်တည်နေကြရတာ။ အလုပ်အကိုင်တွေ ပိုပြီးရှိလာမယ်လို့ မျှော်လင့်မိပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်နောက်ပိုင်း တိုက်ပွဲရပ်တန့်နေချိန်တွင် ရက္ခိုင့်တပ်တော်(ULA/AA)က ရခိုင်နှင့်မွတ်ဆလင် အသိုင်းအဝိုင်းကြား ဆက်ဆံရေးကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။

လက်ရှိတွင် အသိုင်းအဝိုင်းနှစ်ခုကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာပြီး စစ်တွေ၊ မင်းပြား၊ ပေါက်တော စသည့်မြို့နယ်များမှာ မွတ်ဆလင်များမှာ မြို့ပေါ်ရပ်ကွက်များသို့ လာရောက်ကာ အလုပ်လုပ်ကိုင်လာကြသည်ကို တွေ့ရသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...