၂၂ ဘီးတွဲကားနောက်တွင် ခြံခတ်လိုက်လာသူ ရိုဟင်ဂျာ ၆ ဦး ကျိုက်ထိုတွင် ဖမ်းခံရ

၂၂ ဘီးတွဲကားနောက်တွင် ခြံခတ်လိုက်လာသူ ရိုဟင်ဂျာ ၆ ဦး ကျိုက်ထိုတွင် ဖမ်းခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်း စစ်ဆေးရေးဂိတ်တွင် ၂၂ ဘီးတွဲကားနောက်တွင် ခြံခတ်၍ လိုက်ပါ လာသည့် ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့မှ မြဝတီမြို့သို့ ဦးတည်မောင်းနှင်လာသည့် Cheng Long အမျိုးအစား ယာဉ်အမှတ် YGN 6R5614 အဖြူရောင် ၂၂ ဘီးတွဲကားတစ်စီးသည် မရမ်းချောင်း စစ်ဆေးရေး ဂိတ် အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးခဲ့ရာ ရိုဟင်ဂျာ ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။

အသက် ၂၈ နှစ်အရွယ် မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက “သူတို့ကားစစ်နေတာ အကြာကြီးပဲ။ ခါတိုင်းဆို အဲဒီလောက် မစစ်ဘူး။ အခုက သတင်းရတာလား မသိဘူး။ တော်တော်ကြာအောင်ကိုစစ်တာ။ သူတို့ကားကို စစ်နေလို့ နောက်ကားတွေ အကုန်ယာဉ်ကြော ပိတ်နေတာ။တော်တော်ကြာအောင်ရှာပြီးမှ မိုးကာအောက်မှာ တွေ့တာ။ ချက်ချင်းပဲ လက်ထိတ်ခံပြီးတန်းခေါ်သွားတာ” ဟု ပြောသည်။

အဆိုပါ ၂၂ ဘီးတွဲကား၏ အနောက်တွင် သံကိုင်းများဖြင့် ခြံခတ်ပြီး မိုးကာအောက်တွင် ဖုံးကွယ်၍လိုက်ပါလာ သော ရိုဟင်ဂျာ ၆ ဦးကို စစ်ကောင်စီတပ်များက တွေ့ရှိပြီးနောက် ဖမ်းဆီးလိုက်သည်ဟု မျက်မြင်တွေ့ရှိသူများ က ပြောသည်။

ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများမှာ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁ ဦးဖြစ်ပြီး ယာဉ်မောင်းဖြစ်သူအသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံရသည်။

ရိုဟင်ဂျာ ပွဲစားများသည် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို တစ်ဦးလျှင် ငွေကျပ် ၅သိန်းဝန်းကျင်ခန့်ယူပြီး တရားမဝင် မှောင်ခိုလမ်းကြောင်းဖြင့် ရန်ကုန်မြို့မှ မရမ်းချောင်း စစ်ဆေးရေးဂိတ်ကို ဖြတ်ပြီး မြဝတီမြို့မှ တဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပို့ဆောင်ပြီးနောက် ထိုမှတဖန် မလေးရှားသို့ပို့ဆောင်နေခြင်း ဖြစ်သည်ဟု ပွဲစားများနှင့် နီးစပ်သူများက ပြောသည်။

သို့သော်လည်း ပွဲစားများမှာ ငွေရပြီးနောက်တွင် လမ်းကြောင်း စီစစ်ခြင်း မရှိပဲ မလုံခြုံသည့် စစ်ကောင်စီ စစ် ဆေးရေး ဂိတ်များကို ဖြတ်၍ ဖြစ်သလို ပို့ဆောင်နေခြင်းကြောင့် ရိုဟင်ဂျာများ ဖမ်းဆီးခံရမှု ပိုများလာသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မေလ ၂၆ ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက် ထက်တွင်လည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် ရိုဟင်ဂျာ ၃ ဦး ဖမ်းဆီးခံရပြီး ၎င်းတို့အား ကျိုက်ထိုတရားရုံးမှ မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂) ၆(၃)အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ဖူးသည်ဟု သိရသည်။

ရန်ကုန်မြို့၊ ဟင်္သာတမြို့၊ ပြည်မြို့တို့တွင် ဇန္နဝါရီလ ၁ ရက်နေ့မှ ဇန္နဝါရီလ ၁၈ ရက်နေ့အထိ ရိုဟင်ဂျာ ၁၉၂ ဦး အထိ ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်မြို့ တစ်ခုတည်းပင်လျှင် နှစ်သစ်ကူး တစ်ပတ်အတွင်း ၁၃၆ ဦးအထိ ဖမ်းဆီးခံခဲ့ရ သည်ဟု ရိုဟင်ဂျာအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ၂၀၉၁ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး ထိုထဲတွင် ထောင်ဒဏ် ချမှတ်ခံရသူများနှင့် စစ်ကြောရေးတွင် သေဆုံးသွားသူများလည်း ရှိသည်ဟု ရိုဟင်ဂျာအရေး ကူညီ ဆောင်ရွက်နေသူများက ပြောသည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...