မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်
 မှိန်ဂနိမ်းကျေးရွာတွင် ဆန္ဒထုတ်ဖော်ခဲ့စဉ်(photo: MNA)
မှိန်ဂနိမ်းကျေးရွာတွင် ဆန္ဒထုတ်ဖော်ခဲ့စဉ်(photo: MNA)
မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀၀ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ကျေးရွာလူထု ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးအပေါ် လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ခြင်းကို မကျေနပ်သည့်အတွက် ဆန္ဒထုတ်ဖော်ရသည်ဟု မှိန်ဂနိမ်းကျေးရွာခံ ဒေါ်သန်းအေးက ပြောသည်။ "အန်တီတို ့ဖြစ်စေချင်တဲ့ ဆန္ဒက ကိုယ်စားလှယ်တစ်ယောက်သည် ပြည်သူလူထုက တင်ထားတဲ့အတွက်၊ ပြည်သူ့မျက်နှာကိုကြည့်ရမယ်၊ အမှန်တရားဘက်ကို ရပ်တည်ရမယ်၊ အခုက ပြည်သူဘက်လဲ မကြည့်ဘူး၊ ပြည်သူဘက်မှာလည်း မရပ်တည်တဲ့အတွက် အန်တီတို ့ဆန္ဒထုတ်ဖေါ်တာဖြစ်တယ်" ဟု ၄င်းက ပြောသည်။ ဆန္ဒထုတ်ဖော်သူတို့သည် “မှိန်ဂနိမ်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ကိုအား တာဝန်မှ ရပ်စဲခြင်းကို ဖျက်သိမ်းပေးရေး ဒို ့အရေး"၊ "လွှတ်တော်မှ မဟုတ်မမှန် စွပ်စွဲပြောဆို တင်ပြသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား အလိုမရှိ"၊ "ဒေါ်မြသိင်္ဂီမော် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပေးရေး ဒို့အရေး” စသည့်ကြွေးကြော်သံများဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က "အလုပ်လုပ်လို ့အပြောခံရတာ ကိစ္စမရှိပါဘူး၊ ကျမအပြောခံနိုင်ပါတယ်၊ ကျမလုပ်လိုက်တဲ့အလုပ်အတွက် အများအကျိုးရှိမယ်ဆိုရင် ကျေနပ်ပါတယ်၊ အခုဖြစ်နေတဲ့ ကိစ္စက အနာနဲ့ဆေးလွဲနေပါတယ်၊ ဘာကြောင့်လဲဆိုရင် အုပ်ချုပ်ရေးမှူးပြုတ်တယ်၊ သူ့ကို ကျမအနေနဲ ့ဖြုတ်လို ့မရပါဘူး၊ အုပ်ချုပ်ရေးမှူးကို ဖြုတ်တဲ့သူတွေကို သူတို့က ဆန္ဒမပြပဲနဲ ့ကျမကိုဆန္ဒပြတယ်ဆိုတော့ သူတို့တော်တော်လွဲနေတယ်လို့ပဲ မြင်ပါတယ် ဒါပေမယ့် မသိလို ့လုပ်တာဖြစ်တဲ့အတွက် လုပ်ပါစေ” ဟု ပြောသည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သည် ဒေသဖွံ့ဖြိုးရေးချေးငွေများကိုလည်း ညီတူညီမျှခွဲဝေပေးခြင်းမရှိကြောင်း၊ ကျေးရွာအတွင်းဖြစ်ပွားနေသည့် မြေကိစ္စနှင့် ပတ်သက်ပြီး ဘက်လိုက်လုပ်ဆောင်ပေးနေကြောင်း ဆန္ဒပြဒေသခံတို့က စွပ်စွဲပြောဆိုမှုများ ရှိသည်။ ဆန္ဒထုတ်ဖော်သူများသည် မှိန်ဂနိမ်းကျေးရွာအတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးနောက် မော်လမြိုင်မြို ့ကမ်းနားလမ်းရှိ ညစျေးတန်းတွင်လည်း သွားရောက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...