သူရဲကောင်း Subadar Major Tai Kwel (1895-1968) – O.B, M.B.E, B.G.M

သူရဲကောင်း Subadar Major Tai Kwel (1895-1968) – O.B, M.B.E, B.G.M
by -
ချင်းဝေါလ်
Subadar Major Tai Kwel သည် ဖလမ်းမြို့နယ်၊ လုမ်ဘန်းရွာမှဖြစ်ပြီး ဗြိတိသျှတပ်မတော်မှ ချီးမြှင့်သည့် သူရသတ္တိဆိုင်ရာဘွဲ့ နှင့် ပြည်သူ့ဂုဏ်ဆောင်ဘွဲ့ များဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်းခံရသူဖြစ်သည်။ Order of Burma (O.B) ဘွဲ့ကို လွတ်လပ်ရေးရရှိသည့်နောက်ပိုင်း ပြည်ထောင်စုစည်သူသင်္ဂဟ အဖြစ် အမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးတွင် OB ဘွဲ့ဖြင့်ချီးမြှင့်ခြင်းခံရသူ ၃၃ ဦးအနက် Subadar Major Tai Kwel သည် တစ်ဦးအပါအဝင်ဖြစ်သည်။ ချင်လူမျိုးများထဲတွင် OB ဘွဲ့ထူးဖြင့်ချီးမြှင့်ခြင်းခံရသူ အခြားနှစ်ဦးမှာ စီးယင်းချင်းအမျိုးသား Naib Commandant Captain Pau Cin (OB, KSM, TDM, KPM) နှင့် Subadar Major Ngin Zam တို့ဖြစ်ကြသည်။ O.B တံဆိပ်အပြင် M.B.E (Member of the Most Excellent Order of the British Empire) တံဆိပ်ဖြင့်လည်း ဂုဏ်ပြုခြင်းခံရသူ ဖြစ်ပါတယ်။ ကျွန်တော်စုဆောင်းမိသလောက် ချင်းလူမျိုးများထဲတွင် M.B.E တံဆိပ်ရရှိသူ လေးဦးအနက် တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ တစ်ခြားသုံးဦးကတော့ Pu Za Hu (Zokhua), Major Kap Cong (Lumte) နှင့် Jemadar Lam Kho Thang (Sizang) တို့ဖြစ်ကြသည်။ ထို့အပြင် Burma Gallantry Medal (B.G.M) ခေါ် မြန်မာ့သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ဖြင့်လည်း ချီးမြှင့်ဂုဏ်ပြုခြင်းခံရသည်။ Major Tai Kwel သည် ၁၉၁၇ ပထမကမ္ဘာစစ်တွင် ပြင်သစ်စစ်မြေပြင်သို့ သွားရောက်ပြီး အမှတ် ရ၈ အလုပ်သမားတပ်ခွဲနဲ့အတူ တစ်နှစ်ကျော်အမှုထမ်းခဲ့ပြီး ၁၉၁၉ တွင် ချင်းပြည်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၁၉ ခုနှစ်မှ စတင်ပြီး ချင်းတောင်တပ်ရင်းထဲတွင် ဖလမ်းမြို့နယ်မှ စစ်သားစုဆောင်းခြင်း စတင်ပြုလုပ်လာခဲ့ရာ Tai Kwel သည်လည်း ချင်းတောင်တပ်ရင်းသို့ ၀င်ရောက်ခဲ့သည်။ ၁၉၂၅ တွင်မလေးရှားနိုင်ငံ ပီနန်မြို့တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၃၀ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီး ဒုတိယကမ္ဘာစစ်ဖြစ်သည်အထိ မေမြို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာသည့်အချိန်တွင် Subadar ရာထူးထမ်းဆောင်ပြီး သူ့မွေးရပ်မြေ လုမ်ဘန်းတွင် Home Guard ဖွဲ့စည်းရန် တာဝန်ပေးခြင်းခံခဲ့ရသည်။ လုမ်ဘန်းတိုက်သူကြီး ဦးလှူရ်မှုန်းတို့နှင့်အတူ Home Guard ဖွဲ့စည်းခဲ့ကြပြီး ဂျပန်တပ်မ ၁၇ တို့၏ ထိုးစစ်ကို အချိန်တန်ကြာ ဟန့်တားနိုင်ခဲ့ကြသည်။ ၁၉၄၃ နိုဝင်ဘာ ၂ ရက် ညနေ ၂:၃၀ အချိန်တွင် ဂျပန်တပ်မ ၁၇ လက်အောက်ခံ ၂လက်မ မော်တာပိုင်ဆိုင်သည့် တပ်ခွဲတစ်ခွဲမှ လုမ်ဘန်းရွာကို တိုက်ခိုက်ခဲ့ကြသည်။ Subadar Tai Kwel ဦးဆောင်တဲ့ တပ်သား ရ ယောက်တို့မှ ချက်ချင်းတန်ပြန်တိုက်စစ်ဆင်ခဲ့ကြပြီး ဂျပန်တပ်ခွဲမှာ နောက်ဆုတ်ခဲ့ကြရသည့်အပြင် ၎င်းတို့ရဲ့ ၂လက်မ မော်တာကိုပါ သိမ်းပိုက်နိုင်ခဲ့ကြသည်။ တစ်ဖန် ခံစစ်လိုင်းရဲ့ မိုင် ၄၀ အကွာတွင် သူဦးဆောင်တဲ့ တပ်သား ရ ဦးနှင့်အတူ ၎င်းတို့ထက်အင်အားကြီးမားတဲ့ တပ်ကို တွန်းလှန်နိုင်ခဲ့ကြသည်။ ၁၉၄၃ နိုဝင်ဘာ ၂၁ ညအချိန်တွင် လုမ်ဘန်းဘက်သို့ ချီတက်ခဲ့ကြသည့် ဂျပန်တပ်စိတ် သုံးစိတ်ကို ခြံုခိုတိုက်ခိုက်ခဲ့ပြီး ဂျပန်စစ်သား နှစ်ယောက်သေဆုံးကာ ခုနှစ်ယောက်ဒဏ်ရာရခဲ့ကြပြီး ဂျပန်တပ်စိတ်များ ဆုတ်ခွာခဲ့ကြပြန်သည်။ ဗြိတိသျှတပ်များ အိနွိယသို့ဆုတ်ခွာသည့်အချိန် နှင့် ဒုတိယကမ္ဘာစစ်သက်တမ်းတစ်လျှောက် ရွပ်ရွပ်ချွံချွံ စွမ်းဆောင်ချက်များကြောင့် ၁၉၄၄ ခုနှစ်တွင် Burma Gallantry Medal (B.G.M) တံဆိပ်ဖြင့် ချီးမြှင့်ခြင်းခံရသည်။ နောက် ၁၉၄၅ ခုနှစ်တွင်လည်း M.B.E (Member of the Most Excellent Order of the British Empire) တံဆိပ်ဖြင့် ဂုဏ်ပြုခြင်းခံရသည်။ M.B.E တံဆိပ်နဲ့ ရရှိတဲ့အကြောင်းရင်းကတော့ “This G.C.O (Government Commissioned Officer) had held positions of considerable trust and responsibility in the field, during the past two years. He has been largely responsible for the maintainance of confidence, and the upkeep of morale in the Chin Hills during enemy occupation. In addition to leading a force of levies in many successful actions, he made a practice of touring villages in enemy occupied territory and delivering propaganda lectures. He was a warded a B.G.M for his gallantry in the field at the end of 1943. Since then, and up to the present time he has continued to perform exceptionally good and meritorious service”. Subadar Major Tai Kwel သည် ဦးကြောမ်တိမ် နှင့် ဒေါ်ဘွဲစင်၏ သားဖြစ်သည်။ ဒေါ်ခွမ်းဇွန်နှင့် အိမ်ထောင်ပြုခဲ့သည်။ သား ၄ ယောက် နှင့် သမီး ၂ ယောက်ထွန်းကားခဲ့သည်။ သူ့သားများဖြစ်သော Pu Thang Lian Tai Kwel သည် ၁၉၅၉ ခုနှစ်တွင် ချင်းရေးရာဝန်ကြီး ဖြစ်ခဲ့သည်။ Pu C.K Tai Kwel သည်လည်း ချင်းပြည်လျှပ်စစ်မီးရရှိရာတွင် ရှေ့ဆောင်သူဖြစ်သည်။ Pu Kawl Sum Tai Kwel သည်လည်း မန္တလေးတိုင်း၊ သစ်တောမင်းကြီး (Forestry Commissioner) ဖြစ်ခဲ့သည်။ Pu Khuang Lan Tai Kwel သည်လည်း Government of Burma ရဲ့ အလုပ်သမားဌာနတွင် ညွှန်ကြားရေးမှုး ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ တွင်အငြိမ်းစားယူပြီး လုမ်ဘန်းရွာတွင် နေထိုင်ခဲ့သည်။ ၁၉၄၆ တွင် ဇန်နီယက် (မျိုးနွယ်စုအမည်) ကျေးလက်ဖွိ့ဖြိုးရေးအသင်းတွင် ဒုတိယဥက္ကဌတာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ တွင် ဇန်နီယက် ရောင်းဝယ်ရေးကုမ္ပဏီတွင် အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ရေချိုးနေစဉ် ကွယ်လွန်သည်။ Ref:75th Anniversary of the Lumbang Highschool MegazineNational Archive London: Ref: WO 373/81 – Recommendation for M.B.ENational Archive London: Ref: WO 373/81 – Recommendation for B.G.M

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...