ချင်းပြည်သူတွေအတွက် စိန်ခေါ်ချက်တစ်ခုလိုဖြစ်လာတဲ့ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲပဲကျန်နေသေးတယ့်လက်နက်ကြီးကျည်များ

ချင်းပြည်သူတွေအတွက် စိန်ခေါ်ချက်တစ်ခုလိုဖြစ်လာတဲ့ မြေမြုပ်မိုင်းနဲ့ မပေါက်ကွဲပဲကျန်နေသေးတယ့်လက်နက်ကြီးကျည်များ
မြေမြုပ်မိုင်းရှင်းနေတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်
မြေမြုပ်မိုင်းရှင်းနေတဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်

“ချင်းပြည်နယ်က ပထဝီအနေအထားအရ သွားလာရေးခက်ခဲတဲ့ဟာရှိတယ်၊ လမ်းမကြီးသုံးမယ်ဆို လမ်းမကြီး တစ်ခုပဲသုံးလို့ရတယ်၊ တခြားရှောင်လမ်းမရှိဘူး၊ ဒီလိုဟာမျိုးနေရာတွေမှာ စစ်တပ်ဖက်က သူတို့ဘာသာသူတို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို စိုးရိမ်မှုတွေနဲ့ မိုင်းတွေထောင်ထားတဲ့ အခါကျတော့ ခရီးသွားပြည်သူတွေ အတွက် အင်မတန်မှ အန္တရာယ်ရှိတယ်”

ဒီစကားကိုတော့ ချင်းပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နောက်ဆက်တွဲပြဿနာဖြစ်တဲ့ မြေမြုပ်မှိုင်းနဲ့ မပေါက်ကွဲပဲကျန်နေသေးတဲ့ လက်နက်ကြီးကျည်တွေကြောင့် ဒုက္ခတဘဝ ရောက်နေကြတဲ့ ပြည်သူတွေ ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို ကူညီ စောင့်ရှောက်ပေးနေသူ တစ်ဦးက ပြောထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခုခံတော်လှန်စစ်တွေပြင်းထန်လာတဲ့ ချင်းပြည်နယ်လို ဒေသဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးအဆင့်မှာရှိတဲ့ ပြည်နယ်မှာ မြေမြုပ်မိုင်းတွေဟာ နေရာအနှံ့အပြားမှာရှိတတ်သလို စစ်ကောင်စီဖက်က ပစ်လိုက်လိုက်ပြီး မပေါက်ကွဲကျန်နေသေးတဲ့ လက်နက်ကြီးကျည်တွေက ဒေသတွင်းမှာနေထိုင်တဲ့ ပြည်သူလူထုဘဝရဲ့ဘဝတွေကို နေ့စဉ် ချိမ်းခြောက်လျက် ရှိနေပါတယ်။

မြန်မာစစ်တပ်က အာဏာမသိမ်းမီက ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားပြည်နယ် တွေထက် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိခဲ့ပြီး ဒေသခံပြည်သူတွေဟာလဲ မိုင်း ၊ လက်နက်ကြီးကျည် စတဲ့ စစ်ဖက်သုံးလက်နက်တွေနဲ့ ရင်းနှီးမှုမရှိခဲ့ကြပေမယ့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖက်သုံး လက်နက်ကြီးတွေကြောင့် အရပ်သားသေဆုံး မှုဟာလဲ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာပါတယ်။

“မြေမြုပ်မိုင်းအများစုကတော့ ပြည်သူတွေအသုံးများတဲ့ လမ်းမကြီးပေါ်မှာအတွေ့များတယ်ပေါ့ ၊ မပေါက်ပဲကျန်နေတဲ့ လက်နက်ကြီးကျည်တွေ တော်တော်များများက တောင်ယာခင်းတွေ အတွေ့များတယ် ၊ အဲ့ဒါကိုတောင်သူတွေက မသိတော့ လက်နဲ့သွားထိတာတို့ လုပ်တယ်ပေါ့ အဲ့မှာပေါက်ကွဲတယ် ၊ အသက်သေတဲ့ အထိကို ဖြစ်သွားတယ်” လို့ မင်းတပ်မြို့က ဒေသခံ တစ်ယောက်က အခုလိုပြောပါတယ်။

၂၀၂၁ခုနှစ်ဩဂုတ်လ ၂၃ရက်နေ့က မင်းတပ်မြို့နယ် ဝမ္မသူးကျေးရွာအုပ်စု ခွီးရိန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်ပြီး မပေါက်ကွဲကျန်နေခဲ့တဲ့ လက်နက်ကြီး ကျည် ပေါက်ကွဲ ခဲ့တာကြောင့် အသက်(၆၀)ဝန်းကျင် အမျိုးသမီးတစ်ယောက်သေဆုံးခဲ့သလို အသက်(၃၀)ဝန်းကျင် အမျိုးသမီးတစ်ယောက်လဲ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ မင်းတပ်ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ The Mindat Postက ဖော်ပြထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခုခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အကြားစစ်ရေးတင်းမာနေတဲ့ချိန်မှာ စစ်ကောင်စီဖက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ချုံခို တိုက်ခိုက်လာတက်တဲ့ နေရာလမ်းကြောင်းတွေမှာ မြေမြုပ်မိုင်းကို ထောင်ထားလေ့ရှိတာကြောင့် တောင်ယာလုပ်ငန်းကိုအမီပြုပြီး အသက်မွေးဝမ်းကျောင်းပြုနေသူတွေအတွက်တော့ အခက်အခဲတစ်ခု လို ဖြစ်နေပါတယ်။

“သူတို့ (စကစ)ဖက်က လူငယ်တွေလာနိုင်တဲ့နေရာကော ၊ တောင်ယာသွားမယ့်လမ်းတွေမှာ ထောင်ထားတယ် ပြီးတော့ပြန်မဖြုတ်ကြဘူးပေါ့၊ နင်းမိလို့ တခုခုဖြစ်မှာကြောက်တော့ ဒီနှစ်တော့ တောင်ယာလုပ်တာ ရပ်နားထားတယ်”လို့ မတူပီမြို့ပေါ်မှာနေပြီး တောင်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်းပြုနေသူ တစ်ယောက်ကအခုလိုပြောပါတယ်။

ချင်းပြည်နယ်အတွင်း လက်နက်ကြီးကျည်နဲ့ မြေမြုပ်မိုင်းကြောင့် ဒုက္ခတဘဝရောက်နေသူအများစုမှာ ပြည်နယ်အတွင်းက ဆေးပေးခန်းတွေမှာ ဆေးပစ္စည်းမစုံလင်တာတွေကတစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မသင်္ကာမှုကြောင့် ဖမ်းဆီးခံရမှာကြောက်တာကြောင့် အိန္ဒိယနိုင်ငံဖက်ကို သွားရောက် ဆေးကုသကြရပါတယ်။

“အဲ့ဖက်မှာ ဆေးပစ္စည်းတွေလဲမလုံလောက်ဘူး ၊ ပြီးတော့ ခွဲခန်းဆိုလဲ မိုင်နာလောက်ပဲရှိတယ် ပြီးတော့ ဆရာဝန်မရှိတဲ့ နေရာတွေကများတယ် ၊ သူနာပြုက (၁)ယောက်(၂)ယောက်တော့ရှိတယ် ဒါပေမယ့် လူနာတွေက ခြေထောက်ပြတ်တာတို့ လက်ပြတ်တာတို့ ဖြစ်နေတော့ အဲ့ဖက်က ဆေးလဲလုံလုံလောက် လောက် မရှိဘူးအဲ့တာကြောင့် ဒီဖက်(မီဇိုရမ်ပြည်နယ်ဖက်) ကိုလာရတာပေါ့” လက်နက်ကြီးကျည်နဲ့ မြေမြုပ်မိုင်းနင်းမိလို့ ဒုက္ခတဘဝရောက်နေသူတွေကို ကူညီပေးနေတဲ့ သူနာပြုတစ်ယောက်က အခုလိုပြောပါတယ်။  

မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြေမြုပ်မှိုင်းနဲ့ လက်နက်ကြီး ကျည်တွေကြောင့် ဒုက္ခတဘဝရောက်နေတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဆေးကုသမှု ခံယူနေသူ အယောက်(၁၀၀)ကျော်ရှိနေပြီလို့ ၎င်းတို့အရေးကို ကူညီစောင့်ရှောက်ပေးနေသူ တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မှာ ခုခံတော်လှန်စစ်ပြင်းထန်လာလေ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးကျည်တွေရဲ့ ကြောက် မက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေဟာ ဒေသခံပြည်သူတွေအတွက် စိန်ခေါ်မှုက ပိုကြီးမားလာလေ ဖြစ်တာကြောင့် အဲ့ဒီအရေးကို တာဝန်ယူဆောင်ရွက်ပေးဖို့အတွက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ သာမက Third Person(တတိယအဖွဲ့အစည်း)ဖြစ်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မြေမြုပ်မိုင်း ၊ မပေါက်ကွဲ သေးတဲ့ လက်နက်ကြီးတွေနဲ့ပတ်သက်လို့ အသိပညာပေးဆောင်ရွက်တာနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ နည်းပညာအကူအညီများပံ့ပိုးပြီး မိုင်းရှင်းလင်းတာတွေ ဆောင်ရွက်ပေးဖို့ အတွက် အရေးပေါ်လိုအပ်နေပါတယ်။

ချင်းပြည်နယ်မှာ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ခုနှစ် နိုဝင်ဘာလအထိ တိုက်ပွဲ ပေါင်း ၅၉၀ကျော် ဖြစ်ပွားခဲ့ပြီး လေကြောင်းဖြင့်တိုက်ခိုက်ခံရမှု (၃၃)ကြိမ်ထက်မနည်းရှိခဲ့ပြီး ၊ နေအိမ်နဲ့အဆောက်အဦ (၁၄၈၉)လုံးမီးရှို့ခံခဲ့ အထိရှိခဲ့သလို တိုက်ပွဲကြောင့် ပြည်တွင်းပြည်ပ စစ်ဘေးရှောင်ဦးရေ တစ်သိန်းလေးသောင်းခန့်ရှိနေပြီလို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ ကဖော်ပြထားပါတယ်။

Most read this week

May 3, 2024
စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့...
April 29, 2024
မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂...
April 26, 2024
ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ် (၂)က ဝမ္မသူးဆေးရုံကို ယမန်နေ့ည ဧပြီလ(၂၅) ရက်နေ့ ...