ရိုဟင်ဂျာ ၅၄ ဦး ဖမ်းခံရ

ရိုဟင်ဂျာ ၅၄ ဦး ဖမ်းခံရ

စက်လှေတစ်စီးပေါ်တွင် လိုက်ပါလာသော ကလေး ၄ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး အပါအဝင်ရိုဟင်ဂျာ ၅၄ ဦးကို စစ်ကောင်စီတပ်ဖွဲ့က တိုးမြစ်အတွင်း ဖမ်း ဆီးခဲ့သည်ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ရိုဟင်ဂျာ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၁၃ ဦး၊ ကလေးကျား ၂ ဦး၊ မ ၂ ဦး နှင့် စက်လှေမောင်းသည့်လုပ်သား ၄ ဦး စုစုပေါင်း ၅၈ ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်အတွင်း ဖမ်းမိထားခြင်း ဖြစ်သည်။

ဒေသခံအုပ်ချုပ်ရေး အဖွဲ့ ဝင်တစ်ဦး က “စစ်တပ်နဲ့ရဲက တိုးမြစ်ကြောင်းအတိုင်း မောင်းလာတဲ့စက်လှေကို တားပြီး စစ်ဆေးတာမှာ ဖမ်းမိတာ” ဟု ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက မအူပင်မြို့နယ် ကျွဲဒုံးကျေးရွာအုပ်စု၊ ကျွဲဒုံးကျေးရွာ နှင့်အောက်ထုံး ကျေးရွာ အကြား တိုးမြစ်အတွင်း မောင်းလာသည့် စက်လှေတစ်စီးပေါ်မှဖမ်းမိခြင်းဖြစ်သည်ဟု ဒေသခံ အုပ် ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ဖမ်းမိထားသည့် ရိုဟင်ဂျာ အမျိုးသမီး ၁၃ ဦး အနက် ကိုယ်ဝန်ဆောင် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးလည်း ပါဝင် သည် ဟု ဒေသခံအုပ်ချုပ်ရေး အဖွဲ့ဝင်က ပြောသည်။

ယခုဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတော မြို့နယ်များအတွင်းရှိ ကျေး လက်ဒေသတို့တွင် နေထိုင်သူများဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် နေရပ်မှ စွန့်ခွာလာကြသူများ ဖြစ် သည်ဟု ဧရာဝတီ မြန်မာ မူဆလင် ကွန်ရက် အဖွဲ့ဝင်တစ်ဦး က ပြောသည်။

ဧရာဝတီ မြန်မာ မူဆလင် ကွန်ရက် အဖွဲ့ဝင်တစ်ဦး က “သူတို့က ရခိုင်ပြည်နယ်ထဲမှာ မွေးတဲ့သူတွေပါ။ ရခိုင် ဘက်မှာက အလုပ်အကိုင် အခွင့်အလမ်းနည်းတယ်။ နေ ရေးရော ရှင်ရေးရော ခက်ခဲတယ်" ဟုပြောသည်။

ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများကို မအူပင်မြို့နယ်၊ ရွှေတောင်မှော် နယ်မြေရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင် ထားပြီး သက်ဆိုင်ရာဌာနများက စစ်ဆေးမှုများ လုပ်နေဆဲဖြစ်သည်ဟု ဒေသခံ သတင်း အရင်းအမြစ် များက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာများသည် ကြံခင်း၊ လေးမျက်နှာ၊ ရေကြည်၊ ငသိုင်းချောင်း၊သာပေါင်း၊ ပုသိမ်၊ ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း တို့ဘက်မှဝင်ရောက်လာနေကြပြီး မအူပင်၊ မြောင်းမြ၊ ဘိုကလေး၊ လပွတ္တာ၊ ဝါးခယ်မ၊ ကျိုက်လတ်၊ဟင်္သာတမြို့များ အထိ ပြန့်နှံ့ ရောက်ရှိလာလေ့ရှိသည် ဟု လဝက အရာရှိဟောင်းတစ်ဦး က ပြောသည်။

“ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က ရေလမ်း၊ ကုန်းလမ်း တစ်ဆက်တည်းလေ။ ပွဲစားတွေကနေ တစ်ဆင့်စစ် ဆေးရေး ဂိတ်တွေကို ပိုက်ဆံပေးပြီး ဖြတ်ကြတာ။ ရှောင်တခင် စစ်တာမျိုးနဲ့ တိုးမှအဖမ်းခံကြရတာ” ဟု ယင်းအရာရှိဟောင်း က ဆက်ရှင်းပြသည်။

၂၀၂၂ ခုနှစ် ဧပြီလ မှ စက်တင်ဘာလ အတွင်း ရခိုင်ပြည်နယ်ဘက်မှ ဧရာဝတီတိုင်းအတွင်းသို့နယ်မြေဖြတ်ကျော် လာသည့် ရိုဟင်ဂျာ ၆၀၀ နီးပါး ဖမ်းဆီးခံထားရပြီး အယောက် ၁၅၀ ကျော်ကိုလဝက ဥပဒေ ပုဒ်မဖြင့် ထောင် ၂ နှစ်စီ ချထားပြီး ဖြစ်သည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူများက ပြောသည်။

February 26, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ လမ်းပိုင်းများတွင် အထက်အဆင့်ဆင့်၏ ခွင့်ပြုချက်မရှိဘဲ...
February 25, 2026
ရှမ်းပြည်၏ မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ယခုဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း...
February 24, 2026
NCA လမ်းကြောင်းဖြင့် မလုံလောက်တော့ဘဲ သက်ဆိုင်သူအားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး လမ်းကြောင်းသစ်...
February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...