မွန်ပြည်သစ် ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်ရေးသားသည့် “အတိတ်၏ အရိပ်” ပြန်လည်ထုတ်ဝေ

မွန်ပြည်သစ် ဥက္ကဋ္ဌဟောင်း နိုင်ရွှေကျင်ရေးသားသည့် “အတိတ်၏ အရိပ်” ပြန်လည်ထုတ်ဝေ
by -
ရူပါဗလွဲ/ မွန်သတင်းအေဂျင်စီ
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်းနိုင်ရွှေကျင် ကိုယ်တိုင်ရေးသားခဲ့သည့် “အတိတ်၏ အရိပ်” စာအုပ် ပြန်လည်ထုတ်ဝေသည့် မိတ်ဆက်ပွဲအခမ်းအနားအား သြဂုတ်လ (၃၀) ရက်နေ့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပ၍ ဆက်လက်ဖြန့်ချိလျက်ရှိကြောင်း သိရသည်။ မွန်၊ မြန်မာ နှစ်ဘာသာဖြင့် စာမျက်နှာ (၂၀၀) ကျော် ပါဝင်သည့် ၄င်းစာအုပ်ကို ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခြင်း ဖြစ်ကြောင်း၊ ၁၉၅၂ ခုနှစ်စ၍ ၂၀၀၃ ခုနှစ်အထိ နိုင်ရွှေကျင် ဘဝဖြတ်သန်းခဲ့သည့် မွန်ပြည်သူ့တပ်ဦးနှင့် မွန်ပြည်သစ်ပါတီ တော်လှန်ရေးခရီးကြမ်း အတွေ့အကြံုများကို အဓိကရေးသားဖော်ပြထားခြင်း ဖြစ်ကြောင်း ဆဝေါ့ဒ်မွန်စာပေမှ ထုတ်ဝေသူ မင်းစောနွယ်က ပြောသည်။ မွန်တော်လှန်ရေးစတင် ပေါ်ပေါက်ရန် စတင်ကြိုးပမ်းခဲ့မှုများ၊ အခြား ဘဝတူတိုင်းရင်းသား များ၏ လက်နက်ကိုင်တော်လှန်ရေး ဖြစ်တည်ပေါ်ပေါက် လာမှုများနှင့် အစိုးရအာဏာပိုင်များမှ ဖိနှိပ်ကန့်သတ်ခဲ့မှု များအား ဤစာအုပ်တွင် နိုင်ရွှေကျင် ရေးသားဖော်ပြထားသည်ဟု ဆိုသည်။ “ဒီစာအုပ်မှာ မွန်တော်လှန်ရေးကို အခက်အခဲတွေကြားက ဘယ်လိုတည်ထောင်ခဲ့သလဲ၊ နောက်ပြီး မွန်ပြည်သူတွေရဲ့ ကျေးဇူး တရားတွေ ၊ မွန်တော်လှန်ရေး အဖွဲ့တွေကို အခက်အခဲကြားက မွန်ပြည်သူတွေ ဘယ်လို ပံ့ပိုး ကူညီခဲ့လဲ၊ မွန်တွေ အမြင်ကွဲပြီး ပါတီကွဲကြပြီး ဘယ်လို ပြန်လည် ပေါင်းစည်း ကြလဲ ဆိုတာကို သင်ခန်းစာယူနိုင်ပါတယ်” ဟု မင်းစောနွယ်က ပြောသည်။ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌဟောင်းနိုင်ရွှေကျင်သည် တိုးတက်သည့် ခေတ်အမြင်ရှိပြီး စာဖတ်အားကောင်းကြောင်း၊ ခေတ်ပညာတတ် လူငယ်များကို မြေတောင်မြှောက်ပေး လိုစိတ်ရှိသည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ကြောင်းလည်း ၎င်း၏ကိုယ်ရေး အရာရှိအဖြစ် (၄) နှစ်ကြာ တာဝန်ယူ ခဲ့ဖူးသည့် နိုင်မြင့်သန်းက ပြောသည်။ နိုင်မြင့်သန်းက “ ဥက္ကဋ္ဌ(နိုင်ရွှေကျင်) က ပညာတတ် တစ်ယောက်လဲ ဖြစ်တယ်၊ သူက အထက်တန်းကျောင်းရော ကောလိပ်ရော အင်္ဂလိပ်ကျောင်းမှာပဲ နေခဲ့သူဖြစ်တယ်၊ စိတ်ဓာတ်ကြံ့ခိုင်သူ တစ်ယောက်လဲ ဖြစ်တယ်၊ သူသွားချင်တဲ့ ပန်းတိုင်ကိုလဲ ဘယ်သူတွေ ဘာပဲပြောပြော ရောက်အောင် သူသွားတယ်၊ စည်းကမ်းလဲ ကြီးတယ်” ဟု ဆိုသည်။ နိုင်ရွှေကျင်သည် မော်လမြိုင်မြို့နယ် အတွင်းရှိကတိုးကော့နှပ်ကျေးရွာဇာတိဖြစ်ပြီး ငယ်နာမည်မှာ မောင်ဘလွင် ဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် တနင်္သာရီစာစောင်၌ သီးခြား မွန်ပြည်နယ် တောင်းဆိုသည့် ရေးသားထုတ်ဖော်မှုကြောင့် မွန်ရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး နိုင်စံသူနှင့်အတူ မန္တလေးနှင့် ရွှေဘိုထောင်များတွင် (၃) နှစ်ခန့် ထောင်သွင်းအကျဉ်းချခြင်း ခံခဲ့ရဘူးသည်။ ၁၉၅၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌအဖြစ် နိုင်ရွှေကျင် စတင်တည်ထောင်ခဲ့ပြီး အသက် (၉၃) အရွယ် ၂၀၀၃ ခုနှစ် မတ်လ (၃) ရက်နေ့က မော်လမြိုင်မြို့နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...