ရပ်စောက်မြို့နယ် စစ်ကောင်စီမှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူနေ

ရပ်စောက်မြို့နယ် စစ်ကောင်စီမှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူနေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဆုံကျေးရွာတိုက်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ဘုန်းကြီးကျောင်းဝန်းအတွင်း နေရာယူတပ်စွဲထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်မှစကာ အင်အား ၄၀ ဦးခန့်ရှိသည့် တပ်ရင်း ၂၄၉ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့သည် ကျောက်ဂူကျေးရွာမှ တစ်ဆင့် ကျောက်ဆုံကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

“ကျောက်ဂူမှာ ရွာသားတွေဆီက ရေတောင်းသောက်ရင်း သူတို့က နောင်ဝိုးဘက်ကနေလာကြတယ် လို့ပြောကြတယ်၊ ကျောက်ဂူကိုဖြတ်ပြီး ကျောက်ဆုံဘက်ကို ဆက်တက်သွားပြီး ဘုန်းကြီးကျောင်းမှာ နေရာချထားလိုက်တာ၊ ရွာသားတွေက အဖိတ်နေ့ဖြစ်လို့ တခြားနေရာရွေ့ဖို့ပြောတော့ ခဏလေးပဲနေမှာဆိုပြီး ဒီနေ့အထိ ကျောင်းဝင်းထဲမှာပဲ ရှိနေသေးတယ်” ဟု ကျောက်ဆုံကျေးရွာခံ တစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ တပ်သားတို့သည် ကျောင်းဝင်းအတွင်း နေရာယူထားပြီး ရွာသားများမှ ဓလေ့ထုံးတမ်း အစဥ်အလာအရ ဝါတွင်း ရက်ကြီး အခါကြီးများတွင် ပြုလုပ်လေ့ရှိသည့် အလှူပွဲ အိုးစည်ဗုံမောင်း တီးခွင့် တားမြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

“ကျနော်တို့မှာ ဝါတွင်းကာလ ရက်ကြီးအခါကြီး လပြည့်လကွယ်တွေမှာ အိုးစည်တီးပြီး အလှူလုပ်တာရှိတယ်လေ၊ ဒါပေမဲ့ စစ်ကောင်စီတွေ ဘုန်းကြီးကျောင်းထဲလာပြီး နေရာယူတဲ့ အခါကျတော့ ကျနော်တို့မှာ အိုးစည်မတီးရတော့ဘူး” ဟု ဒေသခံများက ပြောသည်။

လက်ရှိ စစ်ကောင်စီတို့ နေရာယူထားသည့် ကျောက်ဆုံဘုန်းကြီးကျောင်း နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ရွာနှင့် ကပ်လျက်တောထဲ တွင် ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့က နေရာယူ လှုပ်ရှားလျက်ရှိသည့် အတွက် ထိတွေ့မှုဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ကြောင်းလည်း သိရသည်။

“စစ်ကောင်စီတွေက ရွာထဲထွက်လိုက်တာနဲ့ ထိတွေ့မှုဖြစ်ပွားနိုင်တယ်၊ ရွာစပ်နားက တောထဲမှာ SSPP တွေက လှုပ်ရှားနေတယ်လေ၊ ၂၆ ရက်မှာ စကစ တွေက ရွာလူကြီးတွေကိုခေါ်ပြီး SSPP လှုပ်ရှားမှုဘယ်လို ရှိလဲ၊ သူတို့ (စကစ) ရှင်းပစ်လိုက်ရမလားလို့ မေးတာတဲ့၊ အခုဆို ရွာသားတွေလည်း လန့်နေပြီ စစ်ကောင်စီတွေ ဘုန်းကြီးကျောင်းဝင်းထဲကနေ မထွက်ဘူး” ဟု ရွာခံအမျိုးသား တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရပ်စောက်မြို့နယ်အတွင်း မြောက်ပိုင်းမဟာမိတ် နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်နေစဥ်တွင် စစ်ကောင်စီတို့ဘက်မှ လေကြောင်းလိုင်းဖြင့် လာရောက် ပစ်ခတ်ခြင်း လက်နက်ကြီးကျည်များကြောင့် ဆောက်လုပ်ဆဲ ဘုန်းကြီးကျောင်း နှင့် ပွဲရုံကို ထိမှန်ခဲ့ ကြောင်းလည်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ (၄၀၀) ကျော်သည် သျှမ်းတောင် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုအတွင်းသို့ စစ်ရှောင်အဖြစ် ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရသည်။

April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...
April 18, 2024
နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း...
April 8, 2024
နယ်စပ်ဖြတ်သန်းသွားလာမှုကို လူအဝင်အထွက် ထိန်းချုပ်နိုင်ရန် UID ခေါ် စမတ်ကတ် ပါရှိမှသာ...