နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်

နမ့်ခမ်းမြို့မဈေးထဲ TNLA နှစ်ရက်ဆက်တိုက် ဝင်ရောက် ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မဈေးအတွင်း ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက် ၁၀ နာရီခွဲတွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA ) က ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

TNLA တပ်ဖွဲ့သည် နမ့်ခမ်းမြို့မစျေးထဲသို့ ယမန်နေ့ (စက်တင်ဘာ ၂၅) ရက် နေ့လည်ပိုင်းတွင် တကြိမ် ဝင်ရောက်ခဲ့ပြီး သေနတ်ပစ်ဖောက်မှု ပြုလုပ်ခဲ့ကြောင်း၊ ယနေ့ (စက်တင်ဘာ ၂၆) ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ် ဝင်ရောက်ခဲ့ကာ ဆက်ကြေးလာပေးရန် လိပ်စာကဒ်လိုက်ဝေ ခဲ့ကြောင်း သိရသည်။

လက်နက်အပြည့်ဖြင့် နမ့်ခမ်းမြို့မစျေးထဲသို့ ဝင်လာသဖြင့် စျေးသည်များ စျေးပိတ်ပြီး နေအိမ်သို့ ပြန်ရကြောင်း နမ့်ခမ်းမြို့မစျေးထဲမှ စျေးသည် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်နက်ကိုင်တပ်ဖွဲ့များ နမ့်ခမ်းမြို့မစျေးတွင်း ဝင်ရောက်လာသဖြင့် စျေးသည်များ ထိတ်လန့်မှုဖြစ်ပွား

“TNLA က လက်နက် နဲ့ ဝင်လာတော့ စျေးသည်တွေလည်း လန့်ပြီး အခု အိမ်ပြန်နေကြပြီ။ သူတို့တွေက ဆက်ကြေးလာပေးဖို့အတွက် လိပ်စာကဒ်လာဝေတာပါ။ ၂ ရက် ဆက်တိုက်လာတော့ လန့်ကြတာပေါ့။ ဒီနေ့တော့ သေနတ်သံမကြားဘူး” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

နမ့်ခမ်းမြို့လယ်ခေါင်ထိ လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်လာပြီး၊ သေနတ်ပစ်ဖောက်ခြင်း၊ ဆက်ကြေးကို ပေါ်တင် တောင်းယူသည့် ကိစ္စကြောင့် ပြည်သူများအနေဖြင့် စိတ်လုံခြုံမှု မရှိကြောင်း နမ့်ခမ်းမြို့တွင် နေထိုင်သည့် အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မြို့ထဲထိ TNLA တွေ ဝင်လာနိုင်ပြီး သေနတ်ဖောက်တာ နောက် ဆက်ကြေးကို ဆက်တိုက်ကောက်တာဟာ ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုး ပိုကြီးတယ်။ စိတ်မလုံခြုံဘူးပေါ့။ အခု ဆိုရင် ကျနော်တို့ ဘယ်သူ့ကို အားကိုးလို့ အားကိုးရမှန်းမသိတော့ဘူး။ ဆက်ကြေးက ပြီးခဲ့တဲ့ (၄) လ လောက်ကပဲ လာကောက်သွားသေးတာ ” ဟု ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။

TNLA ဆက်ကြေး ကောက်မည့် လိပ်စာကဒ်တွင် ပါရှိသည့် ဖုန်းနံပတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်သည့်အခါ သက်ဆိုင်ရာက မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

ပြီးခဲ့သည့် ဇွန်လ (၆) ရက်တွင်လည်း နမ့်ခမ်းမြို့မစျေးအတွင်း တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) စစ်သားများ မြို့ထဲ ဝင်လာသည့် သတင်းကြောင့် စျေးသည်များ ထိတ်လန့်ကာ ဆိုင်ခန်းများ အလန့်တကြား ပိတ်သိမ်းခဲ့ရသည့် ဖြစ်စဥ်များလည်း ရှိခဲ့ဖူးသည်။

အလားတူ နမ့်ခမ်းမြို့မစျေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အခွန်လာရောက်ကောက်ယူမှု ပြုလုပ်ရင်း ပစ်ခတ်မှုဖြစ်ပွားပြီး အခွန်လာကောက်သည့် သူများလည်း သေဆုံးမှု ဖြစ်ပွားခဲ့သည့် ဖြစ်စဥ်များလည်း ရှိခဲ့ဖူးသည်။

Most read this week

April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...
April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...