ထွေအုပ်ရုံး စာရေးမကို အကြမ်းဖက်ပုဒ်မဖြင့် ထောင် ၃ နှစ်ချ

ထွေအုပ်ရုံး စာရေးမကို အကြမ်းဖက်ပုဒ်မဖြင့် ထောင် ၃ နှစ်ချ

မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက စာရေးမ တစ်ဦးကို စစ် ကောင်စီ တရားရုံးက ထောင်ဒဏ် ၃ နှစ်ချလိုက်သည်ဟု ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။

ထွေအုပ်ရုံး စာရေး မသဇင်အေးကို အကြမ်းဖက် ဥပဒေ ပုဒ်မဖြင့် စစ်ကောင်စီ၏ ဧရာဝတီတိုင်း ဖျာပုံမြို့ တရားရုံးက စက်တင် ဘာလ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချလိုက်ခြင်း ဖြစ်သည်။

“လက်ကိုင်ဖုန်းထဲက တွေ့တဲ့ အချက်အလက်တွေနဲ့ စွဲချက်တင်ပြီး အမိန့်ချတာ။ သူ save ထားတဲ့ နွေဦးတော် လှန်ရေး လိုဂိုတွေနဲ့ တရားလို စစ်တပ်က သက်သေ တင်တာလည်းပါတယ်” ဟု ရှေ့နေအသိုင်းအဝိုင်း နှင့် နီးစပ် သူတစ်ဦးက ပြောသည်။

ထွေအုပ်ရုံး စာရေး မသဇင်အေးကို ပြီးခဲ့သည့် မေလအတွင်းက သူမ၏ နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက လာရောက် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ထို့သို့ ဖမ်းဆီးသွားပြီးနောက် ၎င်း၏ လက်ကိုင်ဖုန်းအတွင်း တွေ့ရှိသည့် အချက်အလက်များနှင့် ပတ်သက်ပြီး တရားစွဲ ဆိုခံခဲ့ရသည်ဟု ရှေ့နေအသိုင်းအဝိုင်းက ပြောသည်။

ဖျာပုံမြို့ အမှတ် ၁၇ ရပ်ကွက်တွင် နေထိုင်သည့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးက စာရေးဝန်ထမ်း မသဇင် အေး ကို ၄ လ အကြာ ဖမ်းဆီးထားပြီး အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၂-ည ဖြင့် စွဲချက်တင်ကာ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

မသဇင်အေးသည် ဖျာပုံမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် သာမာန်ရုံး စာရေးဝန်ထမ်းတစ်ဦး ဖြစ်ပြီး အကြမ်းဖက်ပုဒ်မဖြင့် ပထမဆုံး ထောင်ဒဏ် ကျခံရသည့် ထွေ/အုပ် စာရေးဝန်ထမ်း တစ်ဦး ဖြစ်သည်ဟု သူမ ၏ ရုံးအသိုင်းအဝိုင်းက ပြောသည်။

ဖျာပုံမြို့တွင် အကြမ်းဖက် ဥပဒေ ပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးခံရပြီး ပြန်လွတ်ပေးခြင်း ခံရသူများ ရှိကြသလို အမှု ဖွင့်မခံရဘဲ ပြန်လွတ်လာသူ များလည်း ရှိနေသည်ဟု ဖျာပုံမြို့ခံအချို့ က ပြောသည်။

“အဖမ်းခံရလို့ ပြန်လွတ်တာ မလွတ်တာက ငွေလိုက်နိုင်တဲ့ အပေါ်မှာ မူတည်တယ်။ ကလေးမလေး မိဘတွေက ငွေမပေးနိုင်ဘူးလေ။ အဲတော့ ထောင်ကျတော့တာပေါ့” ဟု သူမနှင့် နီးစပ်သူတစ်ဦး ကပြောသည်။

ဖျာပုံမြို့တွင် နိုင်ငံရေး ကိစ္စများဖြင့် စွပ်စွဲ ဖမ်းဆီး တရားစွဲခံထားရသူ စုစုပေါင်း ၅၀ ဦး ကျော်ခန့် ရှိပြီး ဖမ်းဆီး တရားစွဲခံထားရသူများထဲတွင် ရဲဝန်ထမ်းနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဝန်ထမ်းများလည်း ပါဝင် သည် ဟု ဒေသခံ သတင်းရင်းမြစ်များ၏ ပြောပြချက်များအရ သိရသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...