သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီက အင်အားဖြည့်ပြီး ဝင်ရောက်တပ်စွဲနေထိုင်ကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ (စက်တင်ဘာ ၁၈) ရက် ညနေပိုင်းတွင် မွေတော်ဘုန်းကြီးကျောင်း၊ ကက်သလစ်ဘုရားကျောင်း နှင့် စည်ကားရပ်ကွက်များထဲတွင် စစ်ကောင်စီက အင်အားဖြည့်လာနေကြောင်း သိရသည်။
“မနေ့ ညကတည်းက အင်အားဖြည့်ပြီးတော့ မိုးဗြဲမြို့ထဲဝင်လာတာ။ မွေတော်ဘုန်းကြီးကျောင်းတွေ၊ ကက်သလစ်ဘုရားကျောင်းတွေမှာလည်း အင်အားဖြည့်နေတာ။ ပြီးတော့ စည်ကား ရပ်ကွက် ၁ ၊ ၂ ဘက်မှာလည်း ဝင်လာတယ်” ဟု မိုးဗြဲမြို့အတွင်း တိုက်ပွဲတွင်း ပါဝင်တိုက်ခိုက်သည့် ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီ မြို့ထဲဝင်လာသည့်အတွက်ကြောင့် တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် လုံခြုံသည့် နေရာတွင် ရှောင်တိမ်းကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို ပြည်သူများအနေဖြင့် စိုးရိမ်နေကြပြီး ဒေသခံတချို့က တိုက်ပွဲရပ်တန့်ပေးကြရန် တောင်းဆိုကြသည်။
“မြို့ထဲ တိုက်ပွဲဖြစ်မှာလည်း ကြောက်ရတယ်။ မြို့ထဲတိုက်ပွဲဖြစ်ရင် သူတို့က လက်နက်ကြီး နဲ့ ပစ်တော့ အိမ်တွေလည်း ပျက်ဆီးတယ်လေ။ လက်နက်ကြီးတွေနဲ့ ပစ်တော့ ပြည်သူတွေကိုလည်း ထိတယ်။ တိုက်ပွဲဖြစ်ရင် တောထဲတွေမှာဖြစ်ရင် ပိုကောင်းတာပေါ့” ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားက ပြောသည်။
မိုးဗြဲမြို့သည် စက်တင်ဘာ ၈ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကလေးငယ် (၃) ဦး အပါဝင် ပြည်သူ (၅) ဦးသေဆုံးသွားပြီး (၁၅) ဦးထက်မနည်း ဒဏ်ရာရရှိထားကြောင်း သိရသည်။







