အင်းတော်ကြီး အင်းမြှီးဒေသမှာ စပါးစိုက်ခင်းများ ပျက်စီးမှုကြီးကြီးမားမားကြုံနေ

အင်းတော်ကြီး အင်းမြှီးဒေသမှာ စပါးစိုက်ခင်းများ ပျက်စီးမှုကြီးကြီးမားမားကြုံနေ

အင်းတော်ကြီး အင်းမြှီးဒေသက မပြင်၊ ပန်းလား၊ နားလတန်း (ဝှေဖာဆေ) ကျေးရွာများမှာ စိုက်ခင်းတွေ ပျက်စီးမှုကြီးကြီးမားမားကြုံတွေ့နေရတယ်လို့ စိုက်ပျိုးတောင်သူတွေ ပြောကြပါတယ်။

“ လယ်ပျက်တာမှ အကုန်လုံး ၊ ဝါလို့ဝင်းလို့ မြေဩဇာထည့်လည်းမရဘူး။ မီးရှို့လို့တောင်ရတော့မယ်။ အကုန်လုံးက ငြီးငြူကြတဲ့သူတွေကြီးပဲ။ မိုးကောင်းပေမယ့်လည်း စပါးကမကောင်းဘူး၊ ကတုံးရိတ်ထားသလို ” လို့ နားလတန်းကျေးရွာက ဧက ၂၀ နီးပါးစိုက်ပျိုးတဲ့ လယ်ပိုင်ရှင်တစ်ဦးက ပြောပြပါတယ်။

ထွက်လာတဲ့ စပါးပင်တွေဝါပြီး နေလောင်ကျွမ်းနေသလိုဖြစ်ကာ စပါးထွက်ချိန်ရောက်နေပေမယ့် စပါးအသီးတွေမရှိသေးဘူးလို့လည်း ဆိုပါတယ်။

တချို့လယ်ကွက်တွေမှာ ရေကောင်းမွန်စွာမရပဲ စပါးပင်ခြောက်သွေ့မှု ၊ လယ်ကွက်အတွင်း ပေါင်းမြက်ထူပိတ်စွာ ပေါက်နေမှုတွေကြောင့် ပျက်စီးမှုတွေဖြစ်တာလို့ဆိုပါတယ်။

“ စပါးတွေပျက်တဲ့ဘက်က နည်းနည်းများနေတယ်။ ပန်းလားကွင်းတို့ဆို စပါးလျော့တာပေါ့နော့် ဘာကြောင့်မို့လဲဆိုတော့ မိုးက ကောင်းတယ်။ ကြားမှာမိုးခေါင်လိုက်တာလေ။ စပါးပတ်ကျဲပြီးနောက် မိုးက တောက်လျှောက်ခေါင်သွားတာ။ အခုမှ မိုးကပြန်ရွာတာ” လို့ ပန်းလားကျေးရွာက ရှမ်းနီတောင်သူတစ်ဦးက ပြောပါတယ်။

အခုနှစ်မှာ စပါးစိုက်ခင်းထဲ ထည့်တဲ့ မြေဆီဓာတ်မြေဩဇာစျေးတွေ သုံးဆနီးပါးမြင့်တက်လာပြီး တောင်သူတွေက ဝယ်ယူသုံးစွဲမှုကို လျော့ချသုံးစွဲခဲ့ရတာကြောင့် အထွက်နှုန်းလျော့သလို စပါးစိုက်ခင်း မကောင်းမှုတွေဖြစ်တယ်လို့ တောင်သူတွေက သုံးသပ်မှုပြောဆိုမှုတွေလည်းရှိပါတယ်။

စပါးစိုက်ခင်းပျက်စီးနေမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဘဏ်ချေးငွေ အပါအဝင် စိုက်ပျိုးဖို့အတွက်ချေး ယူထားတဲ့ တခြားပြင်ပက ချေးငွေတွေ ပြန်ဆပ်ဖို့ကို အခုကတည်းက စိုးရိမ်နေကြတယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။

အင်းတော်ကြီးဒေသမှာ စပါးစိုက်ခင်းဧကသောင်းနှင့်ချီရှိပြီး နှစ်စဉ်စပါးအထွက်နှုန်း တင်းပေါင်း ၅ သန်းနီးပါးထွက်ရှိကြောင်း မိုးညှင်းမြို့နယ်ဆိုင်ရာ ဒေသအချက်အလက်အရ သိရပါတယ်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...