မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၂ ဦး ထိခိုက်

မိုးဗြဲမြို့ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ် အရပ်သား ၂ ဦး ထိခိုက်
 မိုးဗြဲမြို့ လက်ရှိ အခြေအနေ
မိုးဗြဲမြို့ လက်ရှိ အခြေအနေ

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ ကက်သလစ်ခရစ်ယာန်ကျောင်းမှ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်ခွာပြီးနောက် လက်နက်ကြီး ပစ်ခတ်ခဲ့သဖြင့် လူငယ် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၁၃) ရက် ညနေ ၄ နာရီမှ ၇ နာရီအထိ စစ်ကောင်စီက လွိုင်ကော်မြို့နယ်ဘက်မှ မိုးဗြဲမြို့ထဲကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“မနေ့က သူတို့ လက်နက်ကြီးတွေနဲ့ မြို့ထဲကို ရမ်းသမ်းပစ်ခတ်တာ။ လူငယ် ၂ ဦး ထိခိုက်ပြီး နေအိမ်တွေ တချို့ ပျက်စီးသွားတယ်။ တိုက်ပွဲတော့ မဖြစ်ဘူး။ သူတို့က လွိုင်ကော်ဘက်ကနေပဲ လက်နက်ကြီးတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာ” ဟု ၎င်းကို ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့် လူငယ် ၂ ဦးထဲမှ တစ်ဦးသည် ဒဏ်ရာပြင်းထန်ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာမပြင်းထန်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မိုးဗြဲမှ ထွက်ခွာပြီးဖြစ်သော်လည်း တိုက်ပွဲက အချိန်မရွေး ဖြစ်ပွားနိုင်သည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် လုံခြုံသည့် နေရာတွင် နေထိုင်ရန် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အလားတူ ယခုရက်ပိုင်း ပြည်သူများက မိုးဗြဲမြို့မှ ထွက်ခွာပြီး စစ်ရှောင်စခန်းသို့ သွားရောက်နေထိုင်နေကြောင်း သိရသည်။

“ကျနော်တို့ မိုးဗြဲမှာက စစ်ကောင်စီ တပ်တော့ မရှိတော့ဘူး။ တပ်ဆုတ်သွားပြီ။ တပ်ဆုတ်သွားတယ်ဆိုပေမဲ့ နယ်မြေက မငြိမ်းချမ်းသေးဘူး။ တိုက်ပွဲက အချိန်မရွေးဖြစ်နိုင်တယ်လေ။ မနေ့ကလိုမျိုး သူတို့ဘက်က တစ်ဘက် သတ်ပစ်လာနိုင်တယ်။ ပြည်သူတွေကို လုံခြုံတဲ့နေရာမှာ နေဖို့ပဲ ပြောချင်ပါတယ်” ဟု၎င်း ကဆိုသည်။

အလားတူ ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်တွင်လည်း PDF တပ်ဖွဲ့တို့ နယ်မြေ ရှင်းလင်းနေချိန်တွင် ပြည်သူတစ်ဦးက လိုက်သွားပြီး မြေမြှုပ်မိုင်းနင်းမိသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုးဗြဲမြို့သည် စက်တင်ဘာ ၈ ရက်မှစပြီး တိုက်ပွဲ (၅) ရက် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...