ဆီဆိုင်မြို့နယ် လူငယ် (၂) ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်

ဆီဆိုင်မြို့နယ် လူငယ် (၂) ဦးကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်
ဆီဆိုင်တရားရုံး
ဆီဆိုင်တရားရုံး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ လူငယ် (၂) ဦးကို စစ်ကောင်စီ မှ အကြောင်းမဲ့ ဖမ်းဝရမ်းထုတ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဝရမ်းထုတ်ခံရသူ (၂) ဦးဖြစ်သည့် နောင်မွန်ကျေးရွာအုပ်စုမှ အသက် (၂၄) နှစ်ရှိ စိုင်းသက်ရဲဝင့်ဇင် (ခ) ရှိုင်းသက်ရဲဝင့်ဇင် နှင့် ၎င်းညီမဝမ်းကွဲဖြစ်သည့် အသက် (၂၁) နှစ်ရှိ နန်းချောအိအိရှိန်တို့ကို စစ်ကောင်စီမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၁၂ ဖြင့် စွပ်စွဲထားကြောင်း သြဂုတ် ၂၅ ရက်က ထုတ်ထားပြန်ချက်အရ ယနေ့ (စက်တင်ဘာ ၁၄) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရသည်။

“ထုတ်ပြန်ချက်က သြဂုတ်လကတည်းက ထုတ်ထားတာ တွေ့ရတယ်။ အခုထုတ်ပြန်ချက်က သပ်သပ်လို့ပဲ မြင်တယ်။ ဒီနေ့ မနက်မှာ ဆီဆိုင်မြို့နယ်ရဲ့ ရုံးရှေ့မှာ ထုတ်ပြန်ချက် စာရွက်တွေ ကပ်တာတွေ့ရတယ်။ ကျနော်တို့မှာလည်း ဘာအပြစ်မှမရှိဘဲ အကြောင်းမဲ့ စွပ်စွဲခံထားရတယ် “ ဟု ဖမ်းဝရမ်း ထုတ်ခံရသည့် စိုင်းသက်ရဲဝင့်ဇင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဝရမ်းထုတ်ခံရသည့် လူငယ် (၂) ဦး၏ နေအိမ်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင် နှင့် စစ်ကောင်စီ အုပ်စုက လာရောက် စစ်ဆေးမှု ပြုလုပ်ကြောင်း သိရသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မဖြင့် တရားစွဲထားပြီးနောက် ၎င်းတို့နေအိမ်တွင်လည်း လာရောက် စစ်ဆေးမှု ပြုလုပ်သောကြောင့် မိသားစုဝင်များအတွက် စိုးရိမ်နေကြောင်း စိုင်းသက်ရဲဝင့်ဇင် က ပြောသည်။

“ကျနော်ကတော့ စိုးရိမ်နေတယ်။ အိမ်ကလူလည်း ဘာမှမလုပ်ထားတော့လေ။ သူတို့က လုပ်ချင်သလို လုပ်နေတော့ အိမ်ကလူလည်း စိုးရိမ်နေတယ်။ ပြီးတော့မပတ်သက်တဲ့ သူကိုသူတို့က စွပ်စွဲနေတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုပြီးနောက် မနက်ဖြန် စက်တင်ဘာလ (၁၅) ရက်တွင် ဆီဆိုင်မြို့တရားရုံးတော်၌ လာရောက်ဖြေရှင်းခိုင်းကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...