ဆီဆိုင်မြို့နယ် စစ်ရှောင်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ

ဆီဆိုင်မြို့နယ် စစ်ရှောင်များ ရာသီတုပ်ကွေး ဖြစ်ပွားနေ
ဆီဆိုင် စစ်ရှောင်စခန်း
ဆီဆိုင် စစ်ရှောင်စခန်း

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်များ ယခုရက်ပိုင်း ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ရှောင်ဦးရေ (၅,၀၀၀) ကျော်ရှိရာ ထိုထဲမှ ဦးရေ (၃,၀၀၀) ကျော်သည် အမျိုးသမီး နှင့် ကလေးငယ်များ ဖြစ်သည်။

ယခုကာလ အတွင်း အလှူရှင်များ နည်းပါးလာသဖြင့် စစ်ရှောင်များ အတွက် စားနပ်ရိက္ခာနည်းလာပြီး အဟာရပြည့်ဝအောင် မစားသုံးရသဖြင့် ရာသီတုပ်ကွေးလည်း အဖြစ်များလာကြောင်း စစ်ရှောင် အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“အခုအချိန်မှာ အလှူရှင်က မရှိတော့ဘူး။ နေ့စားအလုပ်သွား လုပ်ကိုင်ကြတယ်။ နေ့စားအလုပ်ကလည်း နေ့တိုင်းမရှိဘူး။ ပြီးတော့ စစ်ရှောင်မှာ အစာအဟာရ ပြည့်ဝစွာ မစားရမှုကြောင့် အခုချိန်မှာ ရာသီတုပ်ကွေး ဖြစ်နေကြတယ် “ ဟု စစ်ရှောင်က ပြောသည်။

စစ်ရှောင်စခန်းတွင် ယခုလက်ရှိကာလ ရာသီတုပ်ကွေး ခံစားရသူ (၈၀) ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်ရှောင်များအတွက် ဆေးဝါးများ လိုအပ်နေကြောင်း၊ အထူးသဖြင့် အစာအာဟာရ အတွက် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း ဆီဆိုင်စစ်ရှောင် ကူညီသူ ကော်မတီဝင် အမျိုးသားတစ်ဦးက ပြောသည်။

“အခုချိန်မှာတော့ ဆေးဝါးတွေ လိုအပ်နေတယ်။ စားနပ်ရိက္ခာတွေမှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေ လိုအပ်တယ်။ စစ်ရှောင်တွေကို ကူညီပေးတာက အခုချိန်မှာ မရှိတော့ဘူး။ (၄) လကြာသွားပြီ အလှူရှင်တွေ မလာတော့တာ “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်မှ စစ်ရှောင်လာသူများသည် ယခင်တွင် ဦးရေ (၁) သိန်း ခန့်ရှိသော်လည်း လက်ရှိ ကျန်ရှိနေသော စစ်ရှောင် (၅,၀၀၀) ကျော်မှာ မြေမြှုပ်မိုင်းများ၊ တိုက်ပွဲများကြောင့် နေရပ်သို့မပြန်သေးကြောင်း သိရသည်။

“စစ်ရှောင်အသစ်ကိုတော့ လက်မခံဖို့ စာထုတ်ထားတယ်။ မကျွေးနိုင်မှာ၊ မပြုစုနိုင်မှာမို့ စိုးရိမ်ရတယ်လေ။ အခုစစ်ရှောင်လည်း ဒီးမောဆို့၊ ဖယ်ခုံ၊ မိုးဗြဲ ဖက်ကကျန်တယ်။ သူတို့ဖက်မှာက မြေမြှုပ်မိုင်းတွေ၊ တိုက်ပွဲတွေ ဖြစ်နေသေးတော့ ပြန်ဖို့အဆင်မပြေသေးဘူး “ ဟုအထက် ပုဂ္ဂုလ်တစ်ဦးက ထပ်လောင်းပြောသည်။

မြန်မာနိုင်ငံတွင် စစ်ရှောင်သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေး (PDF) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲမကြာခဏဖြစ်ပွားမှုကြောင့် တစ်နေ့ထက် တစ်နေ့ စစ်ရှောင်ဦးရေများမှာ ပိုများ လာကြောင်း သိရသည်။

ပုံစာ။ ဆီဆိုင် စစ်ရှောင်ပြည်သူများ

ဆီဆိုင် စစ်ရှောင်စခန်း

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...