သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ဘော်ဆိုင်းကျေးရွာအုပ်စု ဘော်ဆိုင်းကျေးရွာတွင် လောင်းကစားဝိုင်းများလာပြီးနောက် ခိုးယူလုယက်မှုများလည်း ပေါများလာကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှ စတင်ကာ ဘော်ဆိုင်းတွင် လောင်းကစားဒိုင်များ၊ ငါးပစ်ဂိမ်းများလာသဖြင့် သူခိုးများ လုယက်သူများက သောင်းကျန်းနေကြောင်းလည်း သိရသည်။
“သူခိုးတွေက နေ့တိုင်းလိုလို သောင်းကျန်းနေတယ်၊ ပြီးတော့ ပစ္စည်းပျောက်တာတွေ လုယက်ခံရတာတွေကလည်း နေ့တိုင်းပဲ၊ ရဲတွေက ဘာမှ မလုပ်ပေးတော့ သူခိုးတွေက ထင်တိုင်းကျဲကြတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်းတွင် ဘော်ဆိုင်းကျေးရွာအုပ်စု ဘော်ဆိုင်းရွာမှာ နေအိမ် ၇ လုံး ဖောက်ထွင်းခံရပြီး ရွှေ နှင့် ငွေကျပ်သိန်း ၅၀ နီးပါး ဆုံးရှုံးလိုက်ရကြောင်းလည်း သိရသည်။
ယင်းကဲ့သို့ သူခိုးများ သောင်းကျန်းနေသည့် ဘော်ဆိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်ပေးခြင်းလည်း မရှိကြောင်း ဒေသခံများက ဆက်ပြောသည်။
“ဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေ ငါးပစ်ဂိမ်းတွေက ရဲတွေဆီက ခွင့်ပြုမိန့် ယူထားတယ်လို့ သိရတယ် ဆိုတော့ ပြည်သူက ဘယ်သူ့ကို သွားအားကိုးရတော့မလဲ၊ လောင်းကစားများလေ၊ ခိုးယူ လုယက်မှုများလေပဲ၊ စီးပွားရေး ကျနေတဲ့ အထဲပြည်သူတွေက တစ်ပူပေါ် တစ်ပူဆင့်ပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။
စစ်တပ်မှ နိုင်ငံတော် သိမ်းယူပြီးနောက်ပိုင်းမှ ပေါများလာသည့် ဘော်ဆိုင်းမှ လောင်းကစားဝိုင်းများကြောင့် ပြည်သူများသည် လုံခြုံရေးကင်းမဲ့ လာသည်။
အာဏာသိမ်းစစ်ကောင်စီတို့သည် လောင်းကစားဝိုင်းများကို အသုံးပြုပြီး လူငယ်များ ပြည်သူများ နိုင်ငံရေး အသိ ဗဟုသုတ ကိစ္စ ကင်းကွာရန် ကြိုးစားလုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။







