NCA လက်မှတ်မထိုးလိုသေးသဖြင့် UNFC မှ SSPP နုတ်ထွက်ဟုသုံးသပ်

NCA လက်မှတ်မထိုးလိုသေးသဖြင့် UNFC မှ SSPP နုတ်ထွက်ဟုသုံးသပ်
by -
မွန်သတင်းအေဂျင်စီ
ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party-SSPP အနေဖြင့် ဆက်စပ်အဖွဲ့အစည်းများကြောင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်မရေးထိုးလိုသေးသည့် သဘောထားရှိသဖြင့်  ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နုတ်ထွက်စာတင်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများ တွေ့ရှိရသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ) က “သူူတို့က ပထဝီအနေအထားအရ နောက်ငြိမ်းချမ်းရေးအနေအထား အရကိုလည်း လောလောဆယ် တခြား သူတို့နဲ့ ဆက်စပ်နေတဲ့ ‘ဝ’ တို့ KIA တို့ အဲဒီလိုအဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းရေး မယူသေးဘူးဆိုတော့ သူတို့လည်း မယူချင်သေးတဲ့ သဘောလို့ ထင်ပါတယ်” ဟု သြဂုတ် ၂၂ ရက်တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

သို့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို မြောက်ပိုင်းမဟာမိတ် အဖွဲ့အစည်းများ လက်မှတ်ထိုး လာပါက SSPP/SSA ကလည်း လက်မှတ်ထိုးလာနိုင်သည်ဟု ဦးရဲထွန်းက သုံးသပ်သည်။

အလားတူ SSPP အနေဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်းသည် တပ်တည်ရာ အနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၏ ဖိအားပေးမှုကြောင့် စုဖွဲ့မှုဆိုင်ရာ နည်းဗျူဟာပြောင်းခြင်း ဖြစ်နိုင်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြောင်း Eleven News တွင် ရေးသားဖော်ပြသည်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ဌာနချုပ်၌ သြဂုတ် ၁၈ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အစည်းအဝေးတွင် SSPP/SSA ဒုတိယဥက္ကဋ္ဌ စဝ်ခွန်ဆိုင်က ၎င်းတို့အဖွဲ့အနေဖြင့် UNFC မှ နုတ်ထွက်ခွင့်ပြုရန် တင်ပြခဲ့ခြင်း ဖြစ်သည်။

“သြဂုတ် ၁၂ ရက်နေ့မှာ UNFC ဥက္ကဋ္ဌ နိုင်ဟံသာကို ကျွန်တော်တို့ အကြောင်းအရာရေးပြီးတော့မှ UNFC အဖွဲ့မှ နှုတ်ထွက်ခွင့် တင်ပြခြင်းဆိုတဲ့ စာကို ပေးပို့ပြီးသားဖြစ်ပါတယ်” ဟု စဝ်ခွန်ဆိုင်၏ အစည်းအဝေးတင်ပြချက် ရုပ်သံတွင် တွေ့ရသည်။

SSPP/SSA သည် NCA လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ဆွေးနွေးနေသည့် UNFC အဖွဲ့ဝင်ဖြစ်သကဲ့သို့ NCA လမ်းကြောင်းပြင်ပ မှငြိမ်းချမ်းရေးဆွေးနွေးမည်ဆိုသည့် UWSA ‘၀’ ဦးဆောင်သော FPNCC တွင်လည်း ပါ၀င်နေသော အဖွဲ့ဖြစ်သည်။

SSPP/SSA နုတ်ထွက်ခွင့်ပြုရန် တင်ပြထားမှုနှင့်ပတ်သက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းကျော်ညွှန်က “ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့အနေနဲ့ လောလောဆယ်ဘာမှ ဝေဖန်စရာတော့ မရှိသေးပါဘူး။ တစ်ဦးထဲအနေနဲ့လည်း အထွေအထူး ပြောစရာ မရှိသေးပါဘူး” ဟုပြောသည်။

UNFC တွင် SSPP/SSA နုတ်ထွက်မည်ဖြစ်သည့်အတွက် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုး တက်ရေးပါတီ (KNPP) ၊ ၊ ရခိုင်အမျိုးသားကောင်စီ (ANC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) လေးဖွဲ့သာ ကျန်ရှိတော့မည် ဖြစ်သည်။

SSPP/SSA နုတ်ထွက်ရန် တင်ပြခဲ့ခြင်းသည် ငြိမ်းချမ်းရေးကော်မ ရှင် (Peace Commission) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့-DPN တို့၏ သြဂုတ် ၁၁ ရက်နေ့ ခြောက်ကြိမ်မြောက် တရားဝင်တွေ့ဆုံမှုအပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...