သျှမ်းပြည်အတွင်း မြို့နယ်တချို့မှာ ဆန်ပြတ်လပ်

သျှမ်းပြည်အတွင်း မြို့နယ်တချို့မှာ ဆန်ပြတ်လပ်
 သျှမ်းပြည်တွင်းရှိ ဆန်စက်
သျှမ်းပြည်တွင်းရှိ ဆန်စက်

သျှမ်းပြည်အတွင်း မြို့နယ်တချို့တွင် ယခုရက်ပိုင်း ဆန်ပြတ်လပ် မှုထိဖြစ်လာကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းလာပြီး တစ်နှစ်ကျော်ကာလအတွင်းတွင် ကုန်ဈေးနှုန်းများ တစ်ရိပ်ရိပ် မြင့်တက်လာပြီး ပြည်သူများက ဆန်ကိုကြိုတင်ဝယ်ယူ စုဆောင်း ကြသဖြင့် ဆန်များပြတ်လပ်သည့်အထိ ဖြစ်လာကြောင်း သိရသည်။

“ဆန်ကလည်း ဈေးတွေ အရမ်းမြင့်တက်လာတယ်။ ဒီကလူတွေက ဆန်စျေးတွေ အရမ်းမြင့်တက်လာမှာဆိုးလို့ ဝယ်စုကြတယ်။ တစ်ချို့ ဆန်စက်တွေမှာ ဆန်တွေတောင်ပြတ်နေပြီ။ ပြီးခဲ့တဲ့ တစ်ပတ်မှ သွားဝယ်လာတာ မရှိတော့ဘူး။ ဆန်ဈေးတွေလည်း ထက်ဝက်လောက် တက်လာတယ်” ဟု သီပေါမြို့ ဒေသခံ အိမ်ရှင်မ တစ်ဦးက ပြောသည်။

ယခင်က ဆန်ဈေး တစ်အိတ်လျှင် မြန်မာကျပ်ငွေ (၃၅,၀၀၀) ခွဲရှိပြီး ယခု တစ်အိတ်လျှင် ကျပ်ငွေ ၅ သောင်း မှ ကျပ်ငွေ ၁ သိန်း ကြားရှိနေပြီး အလားတူ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင် ဆန်ဈေး တစ်အိတ်လျှင် ကျပ်ငွေ ၁ သိန်းထိ မြင့်တက်လာကြောင်း သိရသည်။

“အကုန်လုံးဈေးတက်တယ်။ ဆန်၊ ဆီ၊ ဆားတွေ အကုန်လုံးဈေးတက်တယ်။ ကြက်သွန်နီလည်း အရင်က တစ်ပိဿာကို ၉၀၀ နဲ့ ၁၅၀၀ ပဲ ။ အခုက ၃၅၀၀ ထိ ဈေးက ခုန်တက်သွားတယ်။ ဆီတွေလည်း တစ်ပုံးကို ၅ သောင်း ထိတက်သွားတယ်” ဟု တောင်ကြီးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထိုသို့ ကုန်ဈေးနှုန်းများ မြင့်တက်လာသောကြောင့် အခြေခံ လူတန်းစား နှင့် အိမ်ရှင်မများ ခက်ခဲလာကြောင်း သိရသည်။

“ကျမတို့ အိမ်ရှင်မတွေက ခက်ခဲတာပေါ့။ အလုပ်ကလည်း မရှိဘူးလေ။ အမျိုးသား နားတောင်းတော့လည်း လျော့သုံးအုံးလေလို့ ပြောလာသေးတယ်။ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတော့ ရှိတာနဲ့ ချက်ပြီး စားနေရတော့တယ်” ဟု သီပေါမြို့ အိမ်ရှင်မက ဆိုသည်။

အလားတူ အခြေခံနေ့စား အလုပ်သမား တစ်ဦးကလည်း “ကုန်ဈေးနှုန်းမြင့်တက်လာတော့ ကျနော်တို့လည်း ရှိတာကိုပဲစားတော့တယ်။ တတ်နိုင်တာပဲ ဝယ်ပြီးစားတော့တယ်။ ထမင်း နဲ့ ဟင်းသီးဟင်းရွက် ၂ မျိုး လောက်နဲ့ပဲစားဖြစ်တော့တယ်” ဟု လဲချားမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အခြေခံစားသောက်ကုန် အပြင် စက်သုံးဆီများလည်း အဆမတန် ဈေးနှုန်းမြင့်တက်လာပြီး ပြည်သူများ စားဝတ်နေရေးအတွက် တစ်ရက်ထက် တစ်ရက် ပိုခက်ခဲလာသည်။

Most read this week

December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...