တာချီလိတ် နှင့် ကျိုင်းတုံမြို့တွင် တကြော့ပြန် ရေကြီးရေလျှံမှုဖြစ်ပွား

တာချီလိတ် နှင့် ကျိုင်းတုံမြို့တွင် တကြော့ပြန် ရေကြီးရေလျှံမှုဖြစ်ပွား
ကျိုင်းတုံရေကြီးမှုပုံ
ကျိုင်းတုံရေကြီးမှုပုံ

သျှမ်းပြည်အရှေ့ပိုင်း ဖြစ်သည့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တွင် တကြော့ပြန် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွား ခဲ့ကြောင်း သိရသည်။

မြန်မာ – ထိုင်း နယ်စပ် တာချီလိတ်မြို့တွင် ယမန်နေ့ (စက်တင်ဘာ ၅) ရက်တွင် တကြော့ပြန် ရေကြီးရေလျှံမှု ထပ်မံဖြစ်ပွားခဲ့သဖြင့် ဒေသခံများက စိုးရိမ်နေရကြောင်း တာချီလိတ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တာချီလိတ်မှာက မိုးတွေရွာပြီးရင် ရေကြီးတော့တာပဲ။ အဲ့ဒါကိုတော့ စိုးရိမ်ရတယ်။ မနေ့က ရေကြီးပြီး ဒီနေ့တော့ ရေက ကျသွားပြန်ပြီ။ အပျက်အစီးကတော့ သိပ်မရှိပေမယ့် နောက်တစ်ကြိမ် ရေကြီးရေလျှံမှာကိုတော့ စိုးရိမ်နေရတယ် “ ဟု ၎င်းဒေသခံ တစ်ဦးကပြောသည်။

တာချီလိတ်မြို့တွင် မကြာခဏ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့မှုကြောင့် သက်ဆိုင်ရာ အစိုးရဌာနမှ သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေး သင်တန်းများကို ပြီးခဲ့သည့် ရက်ပိုင်းတွင် (၂) ရက်ကြာအောင် ပြုလုပ်ခဲ့ကြောင်း တာချီလိတ် ပရဟိတ ကိုလှမျိုး အသင်းထံမှ သိရသည်။

“လူငယ်တွေနဲ့ သက်ဆိုင်ရာဌာနတွေ စုပေါင်းပြီးလုပ်တာ။ အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တယ်။ သင်တန်းပြီးတာ သိပ်မကြာသေးဘူး။ သင်တန်းချိန်က (၂) ရက်လောက် သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး ဟောပြောတာပေါ့ “ ဟု ၎င်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၅ ရက်တွင်လည်း ကျိုင်းတုံမြို့ ဝေါ်ခုတ်မြို့သစ်တွင် တောင်ပေါ်မှ တောင်ကျချောင်းရေကြောင့် အိမ်တွင်း အောက်ထပ်ရှိ အိမ်ပစ္စည်းများ ရေစီးဝင်ခဲ့ကြောင်း ကျိုင်းတုံဒေသခံထံမှ သိရသည်။

“ရေကအတော်ကြီးတယ်။ အိမ်အောက်က ကုလားထိုင်တွေတောင် ရေမြှုပ်တယ်။ ပစ္စည်းတွေ ရွှေ့ဖို့အချိန်တော့ ရေဝင်တယ်။ ရေခဲသေတ္တာတွေလည်း ရေတွေဝင်တယ်။ မီးဖိုချောင်ထဲကော ရေတွေဝင်သွားတာ“ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၃ ရက်တွင်လည်း ကျိုင်းတုံမြို့နယ် ယဉ်းခကျေးရွာရှိ လင်မယား (၂) ဦး အိပ်ပျော် နေစဉ် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေစီးကြောင်း နှင့် အတူမျောပါသွားကြောင်း သတင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...