မွန်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်

မွန်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်

မွန်ပြည်နယ်အတွင်း ဆန်ဈေးနှုန်းများ ယခုလ ဒုတိယအပတ်ကစတင်ကာ ထပ်မံမြင့်တက်လာခဲ့ကြောင်း ဆန်ရောင်းဝယ်နေသူများထံက သိရသည်။

တောင်သူများ၏ လက်ထဲတွင် စပါးလက်ကျန် နည်းလာသောကြောင့် ဆန်ကြမ်းဈေးနှုန်းက အစ ထပ်မံမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ဆန်ရောင်းဝယ်သူ တစ်ဦးက ပြောသည်။

"ဈေးတော်တော် တက်သွားတယ် အရင်က ဆန်ကြမ်း တစ်အိတ်ကို နှစ်သောင်းကျော်ပဲ အခု ၃၉၀၀၀ပေးရတာပေါ့။ ဒီနေ့ရောင်းလိုက်တယ်။ ဒီနေ့ရောင်းလိုက်တဲ့ဈေးက မနက်ဖြန် ကိုယ်ပြန်ဝယ်ရတဲ့ ဈေးဖြစ်နေတာပေါ့"ဟု ၎င်းက ပြောသည်။

ပေါ်ဆန်း တစ်အိတ်ကို ၃၄၀၀၀ကျပ် မှ ၆၇၀၀၀ကျပ်၊ ဧည့်မထ တစ်အိတ်ကို ၂၅၀၀၀ကျပ် မှ ၄၈၀၀၀ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း ဆက်ပြောသည်။

ထို့ပြင် ဆန်ကြမ်း (ဆန်ရှည်) တစ်အိတ်ကို ၂၁၀၀၀ကျပ် မှ ၃၉၀၀၀ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း ထပ်ပြောသည်။

ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာသောကြောင့် ဆန်ဈေးနှုန်းများ ထပ်တက်လာခြင်းဖြစ်ကြောင်း ပြည်နယ်ဆန်လုပ်ငန်းရှင်အသင်းမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"တောင်သူတွေဆီမှာလည်း အခက်အခဲတွေရှိတယ်။ စိုက်ပျိုးထုတ်ကုန်တွေ ဈေးတက်တာတွေပြီးတော့ သယ်ယူပို့ဆောင်ခတွေ အစွန်းဆုံးပြောရရင် ကြိတ်ခွဲခလည်း တက်တယ် စက်သုံးဆီ‌ဈေးတက်တာကိုး။ အဲဒါတွေပါ ထည့်တွက်ရတော့ ဆန်ဈေးက တက်ပြီးရင် တက်လာတာ"ဟု ၎င်းက ပြောသည်။

လက်ရှိ နိုင်ငံရေးအခြေ‌အနေ နှင့် လမ်းခရီးအခက်အခဲများကြောင့် ဆန်ဈေးများ ထပ်တက်လာနိုင်သည်ဟု ထင်မြင်မိကြောင်း ဆက်ပြောသည်။

ဆန်ဈေးနှုန်းများ တက်လာသောကြောင့် တစ်နေ့လုပ်တစ်နေ့စား အခြေခံပြည်သူများ၏ စားဝတ်နေရေး အခက်အခဲ ရှိလာကြောင်းသီရီမြိုင်ဈေးမှ ဆန်ရောင်းဝယ်သူ တစ်ဦးက ပြောသည်။

"ဆန် တစ်ပြည်ဈေးတွေကလည်း ၃၀၀၀ အထက်မှာပဲဆိုတော့ တစ်နေ့လုပ်တစ်နေ့စား သမားတွေအတွက် အဆင်မပြေဖြစ်တာပေါ့။ သူတို့ရတာနဲ့ ဈေးတွေနဲ့က ဘယ်လိုမှ အဆင်မပြေတော့ တစ်ဗူးဆိုလည်း ရောင်းပေးတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပြည်တွင်း ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများ ‌တစ်ရက်ထက် တစ်ရက် ဆန်ဈေးနှုန်များ မြင့်တက်လာနေကြောင်း ဆန်ရောင်းဝယ်သူများထံက သိရသည်။

Most read this week

Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...