အင်းလေးဒေသ ရာသီဥတု ဖောက်ပြန်လာမှုကြောင့် စပါးအထွက်နှုန်းကျဆင်းလာ

အင်းလေးဒေသ ရာသီဥတု ဖောက်ပြန်လာမှုကြောင့် စပါးအထွက်နှုန်းကျဆင်းလာ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်းတွင် စပါးစိုက်ပျိုးချိန် မိုးရွာသွန်းမှု မမှန်သည့် အပြင် ပုံမှန်ထက်လွန်ကဲလာသည့် ရာသီဥတုအပြောင်းအလဲများကြောင့် စပါးအထွက်နှုန်း ကျဆင်းလာကြောင်း သိရသည်။

ယခုနှစ်အတွင်းတွင် စပါးစိုက်ပျိုးသည့် အင်းလေးဒေသမှ လယ်သမားများအနေဖြင့် စပါးစတင်သည့်အချိန်တွင် မိုးမမှန်သည့်အတွက် စပါးပင်သန်ရန်အဖို့ ဓါတ်မြေသြဇာများ ပိုမိုအသုံးပြုခဲ့ရသဖြင့် ကုန်ကျစရိတ်များသော်လည်း လက်ရှိတွင် မိုးများကာ စပါးပင်များ ထင်သလောက် မဖြစ်ထွန်းခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပုလဲမြေသြဇာတစ်အိတ် ၁ သိန်း ဈေးလောက်ရှိနေချိန် မိုးမရှိတော့ စပါးပင်တွေသန်ဖို့ ဓါတ်မြေသြဇာ များများ သုံးပေးခဲ့ရတယ်၊ ဒါပေမဲ့ အခုက မိုးများပြီး စပါးတွေ ထင်သလောက်မဖြစ်ခဲ့ဘူး၊ ရေတွေလွှမ်းရတာက မိုးများတာရယ်၊ ဘီလူးချောင်းဘက်ကို စီးတဲ့ရေကြောင်းမှာ ကျွန်းမျောတာလည်းပါတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

အင်းလေးမှ ဘီလူးချောင်းဘက် စီးဆင်းသည့် ရေကြောင်းတချို့နေရာတွင် ကျွန်းမျောများပိတ်နေရပြီး ရေစီးမကောင်းသည့်အတွက် စပါးပင်များကို ရေလွှမ်းရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့အပြင် တချို့အင်းလေးပြည်သူများက စပါးအစား ပြောင်းလဲစိုက်ပျိုးလိုက်ခြင်းများရှိနေသော်လည်း အပင် မသန်သည့်အပြင် အဖူးများလည်း မထွက်ကြောင်း ဒေသခံများက ပြောသည်။

“ဒီနှစ်မှာ ပျိုးစေ့ဖိုး၊ ဓါတ်မြေသြဇာဖိုးတွေကြောင့် စပါးစိုက်ပျိုးဖို့ အဆင်မပြေတဲ့သူတွေက ပြောင်းပင် စိုက်ပေမဲ့ အဖူးတွေကမထွက်ဘူး၊ ဒီနှစ်က ရေထွက်နည်းလို့ အင်းရေနဲ့ ယူဖို့ကလည်း အရမ်းဝေးလို့ စပါးစိုက်တဲ့ ဧကလည်း နည်းသလို မစိုက်တဲ့သူလည်းရှိတယ်၊ သုံးပုံမှာ နှစ်ပုံပဲဖြစ်တယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

အင်းလေးဒေသအတွင်း ဖြစ်ပေါ်နေသည့် ကျွန်းမြောများ၏ ပြဿနာကို ဆည်မြောင်းဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိ သူများ လာရောက်ဖြေရှင်းပေးရန် တောင်းဆိုလိုကြောင်းလည်း ဒေသခံများက ပြောသည်။

လက်ရှိ အင်းလေးဒေသအတွင်းမှ မှော်ဘီကျေးရွာ၊ နန်းပန်မြို့နယ် တောင်ခြေရွာ၊ လွယ်မောရွာ၊ မိုင်းပျိုးရွာ ၊ လယ်သစ်ရွာတို့တွင် စပါးကို အဓိက အားထား စိုက်ပျိုးကြပြီး ခရမ်းချဉ်တွေများလည်း စိုက်ပျိုးကြသော်လည်း ဈေးကွက်မရှိသည့်အတွက် ဒေသခံများက ခက်ခဲနေကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...