တပ်မတော် ကစထမှူးနှင့် မွန်ပြည်သစ်ပါတီဒုဥက္ကဌတို့ တွေ့ဆုံ

တပ်မတော် ကစထမှူးနှင့် မွန်ပြည်သစ်ပါတီဒုဥက္ကဌတို့ တွေ့ဆုံ
by -
မွန်သတင်းအေဂျင်စီ
တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်ဟံသာ ဦးဆောင်သည့်အဖွဲ့တို့ မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် စကခ(၁၉) ဌာနချုပ်၌ သြဂုတ် ၁၆ ရက် နေ့ မွန်းလွဲပိုင်းအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုသို့တွေ့ဆုံရာ၌ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ ဦးဆောင်သည့်အဖွဲ့တွင် အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းနှင့် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှတို့ပါဝင်ကြောင်း သိရသည်။

ဆွေးနွေးသည့် အကြောင်းအရာများကို တရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း ၂၀၁၂ ခုနှစ်က သမ္မတဦးသိန်းစိန် အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ချုပ်ဆိုခဲ့သော ပြည်နယ်/ပြည်ထောင်စု အဆင့် စာချုပ်ပါအချက်အလက်များတွင် မွန်ပြည်သစ်ပါတီတပ်ဖွဲ့တည်နေရာနှင့်ပတ်သက်၍ ဧရိယာအတိအကျ ဖော်ပြထားခြင်းမရှိသဖြင့် တပ်မတော်အရာရှိများနှင့် ယခုရက်ပိုင်းအတွင်း ဆွေးနွေးစရာရှိသည်ဟု နိုင်ဝင်းလှက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

ထို့အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဇမိမြစ်နှင့် ဝင်ရော်မြစ်နှစ်သွယ်ကြား အခြေစိုက်လျက်ရှိသည့် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသအတွင်း တပ်မတော်စစ်ကြောင်းအချို့ ယခုအခါ ဝင်ရောက်လှုပ်ရှားနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့်သြဂုတ်က ရ ရက်နေ့တွင်ကျရောက်သည့် အကြိမ် ရ၀ မြောက် မွန်တော်လှန်ရေးနေ့အား မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှအပ လက်နက်ဖြင့်အခမ်းအနားမကျင်းပရန် တပ်မတော်မှတားမြစ်ထားမှုအပေါ် လိုက်နာခြင်းမရှိသည့်အတွက် မွန်ပြည်သစ်ပါတီအား တပ်မတော်က စစ်ရေးဖြင့်ဖိအားပေးလာသည်ကို သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးမျာဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌအဖြစ် မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ ဦးဆောင်လျက်ရှိပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်အတွင်း ဆဌမအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ တိုးတက်မှုရှိခဲ့သည်ဟု သိရသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...