ပြည်သူ့စစ် သင်တန်း စာရင်း ပါသူ ၃၀ ကျော် ထွက်ပြေး

ပြည်သူ့စစ် သင်တန်း စာရင်း ပါသူ ၃၀ ကျော် ထွက်ပြေး

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ် သင်တန်းတက်ရန် အမည် စာရင်းပါသူ ၃၀ ကျော် ရှောင်တိမ်းသွားသဖြင့် ဒေသခံ အုပ်ချုပ်ရေးအဖွဲ့က လိုက်လံ ရှာဖွေလျက်ရှိသည်ဟု  အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ကျုံပျော်မြို့နယ်အတွင်းက အင်းရဲ၊ အထောင်၊ ရှားခဲ ကျေးရွာများမှ အဓမ္မ စုဆောင်းခိုင်းထားသည့် လူငယ် ၃၀ ကျော်မှာ ပြည်သူ့စစ်သင်တန်း မတက်ချင်၍ တိမ်းရှောင်သွားခဲ့ပြီး ၄ ရက်ကြာသည်အထိ မတွေ့သေးဘူးဟု ပြောသည်။

“ခု သြဂုတ်လထဲမှာပဲ အင်းရဲရွာမှာ စစ်သင်တန်း ပေးမယ်သိရတယ်။ ရှောင်နေတဲ့သူတွေကို ရှာမတွေ့ရင် လူစား ထိုး ရှာပေးရမယ်လို့ အုပ်ကြီးတွေကို ဖိအားပေး လူရှာခိုင်းနေတယ်” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ တစ်ဦး က ပြောသည်။

အဆိုပါ လူငယ်များသည် စနေနေ့က ရှောင်တိမ်းသွားခြင်း ဖြစ်ပြီး ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်းမှ အရာရှိက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များကို လိုက်ရှာခိုင်းနေခြင်း ဖြစ်သည်ဟု အုပ် ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ က ဆိုသည်။

ထွက်ပြေး တိမ်းရှောင်သွားသည့် သူများမှာ လူငယ်အများစုဖြစ်ပြီး စစ်ကောင်စီ၏ ပြည်သူ့စစ် သင်တန်း တက် ရန် ၎င်းတို့ဆန္ဒ အလျောက် စာရင်းပေးသွင်းထားသူများ မဟုတ်ဘဲ သန်းကောင်စာရင်းမှတဆင့် စစ်တပ်က အမည်စာရင်း ကောက်သွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သင်တန်း မတက်လိုသည့်အတွက် ကျေးရွာများမှ ရှောင်တိမ်းနေကြခြင်း ဖြစ်သည့် အပြင် စစ်ကောင်စီကို အလိုမရှိသူ အများစု ဖြစ်နေခြင်းတို့ကြောင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ အနေဖြင့် အခက်အခဲ ဖြစ်နေရသည်ဟု သိရသည်။

“သင်တန်း တက်မယ့်သူတွေ စာရင်းကို တပ်က သူတို့ဖာသာ လာကောက်သွားတာ။ အခု အဲ့ဒီလူတွေ လာပို့ပေး ဆိုတော့ ရွာမှာ မရှိတော့ဘူးလေ။ ဘယ်လို ရှာလို့ ရမှာလဲ” ဟု အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်အဖွဲ့ကို ရပ်/ကျေး လုံခြုံရေးအတွက် ဖွဲ့သည်ဟု ဆိုသော်လည်း စစ်ကောင်စီ၏ အထောက်အပံ့နှင့် ဖွဲ့စည်းခဲ့သည့် ပျူစောထီးအဖွဲ့နှင့် သွေးသောက်အဖွဲ့များကို အခြေခံကာ ပြည်သူ့စစ် အဖြစ် အသွင်ပြောင်း၍ စစ်သားစုဆောင်းနေခြင်း ဖြစ်သည်ဟု စုံစမ်းသိရသည်။

စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း၌ ရပ်ကွက်ကျေးရွာ တစ်ခုလျှင် လူအယောက် ၆၀ဦး နှုန်းဖြင့် ပြည့်သူစစ် ဖွဲ့ရန် အုပ်ချုပ်ရေးမှူးများကို စုစည်းခိုင်းပြီး မြို့နယ်အချို့ရှိ ရပ်/ကျေးအချို့တွင် ဖွဲ့စည်းကာ စစ်သင်တန်းပေးထား ပြီး ဖြစ်သည်ဟု သိရသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...