မွန်ပြည်နယ်တွင် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်ရောင်းချခွင့် ယာယီတားမြစ်ထား

မွန်ပြည်နယ်တွင် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်ရောင်းချခွင့် ယာယီတားမြစ်ထား
by -
မွန်သတင်းအေဂျင်စီ
မွန်ပြည်နယ်တွင် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာမှ ယာယီတားမြစ်ထားသည်ဟု မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနမှ သိရသည်။

ကျိုက်မရောမြို့မှ “မိုးမြင့်သာ”၊ ချောင်းဆုံမှ “ဝင်းလတ်” နှင့် မော်လမြိုင်မှ ချယ်ရီရေသန့်လုပ်ငန်းများ လုပ်ငန်းလိုင်စင်သက်တမ်းတိုးရေးလျောက်ထားရာတွင် ယင်းကဲ့သို့ ထုတ်လုပ်ရောင်းချခြင်း ယာယီတားမြစ်ခံထားရသည်ဟု ဆိုသည်။

"အခုလောလောဆယ်အနေအထားမှာ လုပ်ငန်း ၃ ခုပေါ့နော် စတုတ္ထအကြိမ်အထိ ရေနမူနာ အောင်မြင်ခြင်းမရှိဘူး၊ အဲဒီ ၃ ခုက ၄ ကြိမ်တိုင်တိုင် ရေနမူနာ စစ်ဆေးမှုမအောင်မြင်ဘူး၊ မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးကော်မတီတွေနဲ့အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီးတော့ ဆောင်ရွက်ခဲ့တယ်" ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောသည်။

မော်လမြိုင် ချယ်ရီသောက်ရေသန့်လုပ်ငန်းတွင် 1 Liter, 20 Liter ဗူးအဖြူနှင့် 20 Liter ဗူးအကြည်ဖြင့် သောက်ရေသန့် ၃ မျိုး ထုတ်လုပ်လျက်ရှိရာ ၄င်းမှ 20 Liter ဗူးအကြည်သည် အဏုဇိဝသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွက်ကဲရေးကော်မတီမှ သြဂုတ်လ ၈ ရက်နေ့မှစ၍ စျေးကွက်အတွင်း ဆက်လက်ဖြန့်ဖြူးရောင်းချခြင်းမပြုရန် တားမြစ်ထားသည်ဟု ချယ်ရီသောက်ရေသန့်လုပ်ငန်းပိုင်ရှင်ထံမှ သိရသည်။

ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနအနေဖြင့် ရေသန့်လုပ်ငန်းတို့၏ စက်ပစ္စည်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု၊ အခန်းဖွဲ့စည်းပုံ အခြေအနေနှင့် ရေသန့်လုပ်ငန်းများနှင့် ဆိုင်သည့် အားနည်းချက် လိုအပ်ချက်များ၊ ရေသန့်များတွင် GMP (Good Manufacturing Practice) နှင့် ကိုက်ညီမှုရှိ မရှိ၊ အဏုဇိ၀ပစ္စည်းပါ၀င်မှုများ၊ Coliform ဟုခေါ်သော လူ့မစင်တွင် တွေ့ရသည့် ပိုးမွှားများ ပါ၀င်မှုရှိ မရှိ၊ ဓာတုပစ္စည်းများပါ၀င်မှုရှိ မရှိတို့ကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

မွန်ပြည်နယ်တွင်  FDA ထောက်ခံချက်လိုင်စင် ရရှိပြီးသား ရေသန့်လုပ်ငန်းနှင့် လိုင်စင်အသစ်အလျှောက်ထားသည့် ရေးသန့်လုပ်ငန်း ၅၉ ခုရှိသည်ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာနရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာကို ၂၀၁၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ရေသန့်လုပ်ငန်းများကို အထူးပြု စိစစ်မှု ပြုလုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ကျောင်းမုန့်စျေးတန်းစစ်ဆေးမှုများ  စျေးကွက်အတွင်း ရောင်းချနေသည့် စားသုံးရန်မသင့်သည့် ငရုတ်သီးမှုန့်များကိုပါ စစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း ပြည်နယ် FDA မှ သိရသည်။

စျေးကွက်၌ တရားမဝင် သောက်ရေသန့်များ၊ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိ ထုတ်လုပ်နေသည့် လုပ်ငန်း များ အပါအဝင် ထုတ်လုပ်ခွင့် ယာယီ ဆိုင်ငံ့ထားသည့်လုပ်ငန်းများ ပြန်လည်ထုတ်လုပ် ရောင်းချပါက ဥပဒေအရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း FDA မှ ထုတ်ပြန်ထားသည်။

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...