စစ်တွေ ပွိုင့်အနီး ကွန်ကရစ်လမ်း အရည်အသွေး မပြည့်မီ၍ ပျက်စီး

စစ်တွေ ပွိုင့်အနီး ကွန်ကရစ်လမ်း အရည်အသွေး မပြည့်မီ၍ ပျက်စီး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပွိုင့်ကို အဆင့်မြှင့်ရန်အတွက် အကြီးစားပြုပြင်မှုများလုပ်နေစဉ် Asia Metal Construction ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လုပ်ခဲ့သော ပွိုင့်အနီးကွန်ကရစ်လမ်းမှာ အရည်အသွေး မပြည့်မီသဖြင့် မိုးစရွာသည်နှင့် ပျက်စီးသွားသဖြင့် စစ်တွေလူထုအကြား ဝေဖန်မှုများ တိုးပွားနေသည်ဟု ဒေသခံများက ပြောသည်။

ယခုပျက်စီးသွားသော လမ်းပိုင်း နေရာသည် ပွိုင့်နှင့် စစ်တွေဟိုတယ်အကြားတွင် တည်ရှိသော  ကွန်ကရစ်လမ်း ဖြစ်ပြီး အရှည် ၆၃၀၀ ပေ ရှိကြောင်း၊   ဇွန်လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဇွန်လ ၂၂ ရက်နေ့ ညနေဘက်တွင် ပေ ၅၀ အရှည် အပိုင်းလိုက် ကျိုးပျက်သွားကြောင်း၊ ယင်းလမ်းအား Asia Metal Construction ကုမ္ပဏီမှ တည်ဆောက်ခဲ့ကြောင်း သိရသည်။

လမ်းဆောက်လုပ်မှု အရည်အသွေးမပြည့်မီ၍ ယခုကဲ့သို့ ပျက်စီးရခြင်းဖြစ်ပြီး၊ အစိုးရနှင့် ကုမ္ပဏီအကြား လုပ်ကိုင်ဆောင်ရွက်မှု ပွင့်လင်းမြင်သာမှုမရှိ၍ ဖြစ်ရသည်ဟု စစ်တွေမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“မတ်လက ပြီးစီးသွားတဲ့လမ်းက ဇွန်လမှာ ပျက်စီးသွားတယ်ဆိုတော့ အရည်အသွေး မပြည့်မီတဲ့အတွက် ဖြစ်တယ်။ အဓိကတော့ အစိုးရနဲ့ ကုမ္ပဏီအကြား လုပ်ကိုင်ဆောင်ရွက်မှုတွေက ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် ခုလို ဆိုးကျိုးတွေ ဖြစ်လာတယ်လို့ သုံးသပ်မိပါတယ်” ဟု သူက ဆိုသည်။

၀ံလက်ဒေသဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦး ဖြစ်သူ ခိုင်ကောင်းစံကလည်း “၀န်ကြီးချုပ်ရဲ့စေတနာကို တန်ဖိုးထားတယ်၊ အသိအမှတ်ပြုပါတယ်။ နိုင်ငံတကာမှာ Budget Transparency ဘတ်ဂျက် ပွင့်လင်းမြင်သာမှုဆိုတာရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ရရှိနေတဲ့ ဘတ်ဂျက်တွေ၊ မြန်မာနိုင်ငံမှာ ရရှိနေတဲ့ ဘတ်ဂျက်တွေကို ဘယ်လိုသုံးစွဲနေလဲ၊ ပွိုင့်ကမ်းခြေကို စင်ကာပူလို ဖန်တီးနေတဲ့ နေရာမှာ ဘတ်ဂျက် ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ကုမ္ပဏီတစ်ခုက လုပ်တယ်၊ ငွေကြေး ဘယ်လောက်သုံးစွဲတယ်ဆိုရုံနဲ့ မပြီးဘူး။ ဒီကုမ္ပဏီဟာ အဲ့ဒီလုပ်ကွက်ကို ရရှိဖို့အတွက် လေလံအမှန်တကယ်ပစ်ခဲ့ရဲ့လား၊ သို့တည်းမဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်လို့ ရတာလား၊ ဒါမှမဟုတ် ၀န်ကြီးချုပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေက ရတာလားဆိုတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ နိုင်ငံတကာ ဘတ်ဂျတ် ပွင့်လင်းမြင်သာမှုနဲ့ နှိုင်းဆရင် ရခိုင်ပြည်နယ်မှာ သုံးစွဲနေတဲ့ ဘတ်ဂျတ်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဆိုသည်။

ယခုကဲ့သို့ သတ်မှတ်ချိန် သက်တမ်းကာလမပြည့်ဘဲ ပျက်စီးသွားလျှင် ကုမ္ပဏီက တာဝန်ယူပြီး ပြန်တည်ဆောက်ပေးရမည်ဟု ခိုင်ကောင်းစံက ဆက်လက်ပြောဆိုသည်။

“ဆောက်လုပ်ရေးလုပ်တဲ့နေရာမှာ ကုမ္ပဏီတစ်ချို့ဟာ ရေချိုသဲတွေကို သုံးစွဲရမယ့်နေရာမှာ ရေငန်သဲတွေကို သုံးကြတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေကို ငွေကြေးပေးပြီး မိမိတို့လုပ်ကွက်ရဖို့၊ မိမိတို့အကျိုးကိုသာကြည့်ပြီး လုပ်သွားတဲ့ကုမ္ပဏီတွေ ရခိုင်ပြည်မှာ အများကြီးပေါ်ပေါက်လာတယ်။ လူထုအတွက် နစ်နာမှုတွေ အများကြီး ပေါ်ပေါက်နေတယ်”ဟု ၄င်းက သုံးသပ် ပြောဆိုသည်။

ယခုကဲ့သို့ ပျက်စီးခြင်းသည် ကုမ္ပဏီတွင်သာမက အစိုးရတွင်လည်း တာဝန်ရှိသည်ဟု ကိုခိုင်ကောင်းစံက ထောက်ပြ ပြောဆိိုသည်။

တိုင်းပြည်ကို တိုးတက်အောင်လုပ်ရာ၌ အစိုးရသက်သက်၊ ကုမ္ပဏီသက်သက် လုပ်၍မရကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖက်များ၊ ဒေသခံပြည်သူများလည်း ပူးပေါင်းပါ၀င်ခွင့်ရရန် လိုကြောင်း၊ လုပ်ငန်းခွင်တွင် သုံးစွဲသည့် ကျောက်၊ သဲ၊ သံ၊ ဘိလပ်မြေများ အရည်အသွေးသည် ချပေးထားသည့် ငွေကြေးပမာဏနှင့် ကိုက်ညီသလားဆိုသည်ကို ဆန်းစစ်ပြီး လုပ်နေသည့်ကာလတွင်လည်း တင်ပြသွားဖို့ လိုအပ်ကြောင်း  ခိုင်ကောင်းစံက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

Asia Metal Construction မှ ပွိုင့်နှင့် စစ်တွေ ဟိုတယ်အကြားလမ်းကို ဆောက်လုပ်ခဲ့သည်မှာ ၃ လခန့်သာ ကြာသေးပြီး နှစ်ကြိမ်တိုင်တိုင် ပျက်စီးသွားပြီဖြစ်သဖြင့် ဒေသခံပြည်သူများက ယခုကဲ့သို့ ဝေဖန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ ဆေးခန်းများအတွက် နိုင်ငံတော်မှ ဘတ်ဂျက် အများအပြားချပေးပြီး တည်ဆောက်နေသော်လည်း ဆောက်လုပ်ရာတွင် စံချိန်မမီသဖြင့် ကန့်ကွက် တိုင်ကြားမှုများလည်း အများအပြား ပေါ်ပေါက်နေသည်ဟု သိရသည်။ သို့သော် ယင်းအထဲမှ ကုမ္ပဏီအများအပြား သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ လွှတ်တော်အမတ်များနှင့် နီးစပ်မှုများ ရှိနေကြသဖြင့် အရေးယူ အပြစ်ပေးခြင်း မရှိသလောက် နည်းပါးကြောင်း သတင်း ရရှိသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...