သတင်းပေး ပစ်သတ်ခံရပြီးနောက် အရပ်သားများကို ဖမ်းဆီး

သတင်းပေး ပစ်သတ်ခံရပြီးနောက် အရပ်သားများကို ဖမ်းဆီး

လောင်းကစားဝိုင်းက ပြန်လာသည့် စစ်ကောင်စီ သတင်းပေးဆိုသူ ဟင်္သာတမြို့နယ်အတွင်း ပစ်သတ်ခံရပြီးနောက်တွင် အရပ်သား ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် ရှားခဲတိုက်နယ်တွင် လောင်းကစားဝိုင်းက ပြန်လာသည့် စစ်ကောင်စီ သတင်း ပေး ကိုကျော်နိုင်ဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် အရပ်သားပြည်သူ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီး ထားသည်ဟု ဒေသခံများထံက ပြောသည်။

ဟင်္သာတ မြို့နယ်တွင် စစ်ကောင်စီ သတင်းပေးဟု နာမည်ကြီးသည့် ကိုကျော်နိုင်ဆိုသူ ဇူလိုင်လ ၃၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ပစ်ခတ်ခံရပြီးနောက် ဟင်္သာတမြို့ပေါ်က ပြည်သူ ၂ ဦး၊ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာကို ပိတ်ဆို့စစ်ဆေးစဉ်က ဆိုင်ကယ်စီးလာသည့် လူငယ် ၄ ဦး နှင့် ရှားခဲဒေသခံ ၂ ဦး တို့ကို ဖမ်းထားခြင်း ဖြစ်သည်။

“မသင်္ကာလို့ ဖမ်းထားပြီး စစ်ဆေးတာ ဆိုပေမယ့် ငွေညစ်ချင်လို့ ဖမ်းတဲ့ သဘောမျိုး ဖြစ်နေတယ်။ လက်ကိုင် ဖုန်းကို သိမ်းတာမျိုးရှိပေမယ့် ဘာမှ သေသေချာချာ တွေ့တာ မိတာမဟုတ်ဘူး” ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ် သူတစ်ဦး က ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ကိုကျော်နိုင်သည် ဓနုဖြူမြို့နယ် အိုင်အင်းကျေးရွာက ရာအိမ်မှူး ဖြစ်ပြီး စစ် ကောင်စီက ခွင့်ပြုထားသော ဟင်္သာတနှင့် ဓနုဖြူ မြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများတွင် ဆက်ကြေး (လိုင်းကြေး) များကို လိုက်တောင်းပေးရသူ ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

လောင်းကစားဝိုင်းက ဆိုင်ကယ်ဖြင့် ပြန်လာသည့် ကိုကျော်နိုင်ကို ဟင်္သာတမြို့နယ်နှင့် ကျုံပျော်မြို့နယ် အကြား ရှားခဲကျေးရွာရှိ မလုံးတံတား နှင့် ရှားခဲတိုက်နယ်ဆေးရုံ အနီးတွင် သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ခံရခြင်းဖြစ် သည်ဟု သိရသည်။

“သေနတ် မှန်တာဆိုတော့ ပြင်းတာပေါ့။ လည်ပင်းနဲ့ ပုခုံးကို နှစ်ချက် ရှပ်ထိတာ။ သေလောက်တဲ့ ထိချက် မဟုတ်လို့ မသေတာ အခုတော့ ဟင်္သာတဆေးရုံကြီးမှာ အတွင်း လူနာပေါ့အနေနဲ့ပေါ့” ဟု ဟင်္သာတမြို့ခံ တစ်ဦး က ပြောသည်။

ပစ်ခတ်မှု နှင့် ပတ်သက်၍ ကျုံပျော်မြို့ အခြေစိုက် စစ်ကောင်စီတပ်က လူအင်အား ၆၀ ခန့်ဖြင့် ကျုံပျော်၊ အထောင်၊ ရှားခဲဒေသများအတွင်း PDF များကို စစ်ကြောင်းထိုး ရှာဖွေနေသည်ဟု ကျုံပျော်ဒေသခံ အချို့က ပြောသည်။

စစ်ကောင်စီ အတွက် လောင်းကစားဝိုင်းများမှ ဆက်ကြေးတောင်းပေးသည့် သတင်းပေး ကိုကျော်နိုင်ကို ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေး တတိယမစ်ရှင်အဖြစ် ဧရာဝတီ STF အဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့ညက ပစ် ခတ် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ မြို့ပြစစ်ဆင်ရေး တာဝန်ခံ က ပြောဆိုထားသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...