ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်း တံတား ၂ စင်းပြင်ပြီး၍ယာဉ်များဖြတ်သန်းခွင့်ပြု

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်း တံတား ၂ စင်းပြင်ပြီး၍ယာဉ်များဖြတ်သန်းခွင့်ပြု
by -
မွန်သတင်းအေဂျင်စီ
မိုးသည်းထန်စွာရွာသွန်းသဖြင့် ဇူလိုင်လနောက်ဆုံးပတ်က ရေစီးထဲမျောပါသွွားသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပေါ်ရှိ ဘေလီတံတားနှစ်စင်းကို သက်ဆိုင်ရာမှပြုပြင်ခဲ့ပြီးနောက် ယနေ့သြဂုတ်လ (၁၁) ရက် နံနက်ပိုင်းကစပြိီး ယာဉ်များဖြတ်သန်းသွားလာခွင့်ရရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က “ဒီနေ့မှ တံတားနှစ်စင်းလုံး ပြီးသွားတာပါ။ ဒီနေ့ မနက်(၁၀) နာရီလောက်က ယာဉ်တွေ ဖြတ်နေကြပါပြီ။ ဆိပ်ကမ်းနားကတော့ နည်းနည်းလေး မြေတွေနုတော့ ကားလေးတွေတော့ နည်းနည်းစောင့်ရမှာပေါ့။ သံဘောင်ဘေလီတံတားနှစ်စင်းလုံးကတော့ ပြီးသွားပါပြီ။” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူမော်တော်ကားလမ်း မိုင်တိုင်အမှတ် ၂၀/၀-၁ ရှိိ ယာယီဘေလီတံတား(ကွင်းကြီးတံတား) နှင့် မိုင်တိုင်အမှတ် ၃၀/၀-၁ ရှိ ယာယီဘေလီတံတား (မက္ကလာတံတား) နှစ်စင်းလုံးရေစီးထဲမျောပါသွား၍ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသည့်အပြင် ဇူလိုင်လ (၂၈) ရက်နေ့ကလည်း ဆိုင်ကယ်ဖြင့် ဖြတ်ကူးသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးလည်း ရေစီးထဲမျောပါသေဆုံးခဲ့ရသည်။

ထို့အပြင်  ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်နှင့် ရေဘေးသင့်ပြည်သူ ၉၀၀ ကျော်ရှိခဲ့ပြီး စာသင်ကျောင်းပေါင်း(၂၄) ကျောင်းကို ယာယီပိတ်ခဲ့ရသည်။

ကြာအင်းဆိ်ပ်ကြီးဆိပ်ကြီးမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်လင်းအောင်က “အခုတော့ ရေတွေ အကုန်ကျသွားပါပြီ။ရေလုံးဝမရှိတော့ဘူး။ရေက ချောင်းအောက်ကိုရောက်သွားပါပြီ။ မိုးလည်း ရွာနေတာဆိုတော့ မြေနီလမ်းတွေလောက်တော့ ပျက်တာတွေ ရှိတာပေါ့။ ကျောင်းတွေလည်း အကုန်ပြန်ဖွင့်နေပါပြီ။ဆရာမတွေလည်း သွားလာကြပြီ။” ဟု ဆိုသည်။

အလားတူ သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းတွင် တံတားအချို့ရေကျော်ခဲ့သော်လည်းယခုအခါ မော်တော်ကားများ သွား လာနိုင်ကြပြီဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်းသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် ရေကြီးမှုများဖြစ်ပေါ် ခဲ့ပြီး တံတားအချို့ပျက်စီးမှုရှိခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ 

Most read this week

January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...
January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...