မိုင်းကိုင်မြို့နယ် ကျေးရွာတစ်ချို့ ပြည်သူများ စစ်ဘေးကြိုတင်တိမ်းရှောင်သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ကျေးရွာတစ်ချို့မှ ပြည်သူများသည် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး စစ်ဘေးကြိုရှောင်လာနေကြောင်း စုံစမ်းသိရှိရသည်။
ယမန်နေ့ ဇူလိုင် (၁၉) တွင် မိုင်းကိုင်မြို့နယ်အတွင်း သေနတ်ပစ်ဖောက်သံကြားရသည်ဟု ပြည်သူများတစ်ချို့က ယူဆပြီး ကုံးကန်ကျေးရွာ၊ နမ့်စိုင်လီကျေးရွာ၊ ကုန်တီးရွာ နှင့် ဝမ်ဟွေအွန် ကျေးရွာရှိပြည်သူတစ်ချို့က ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။
“သူတို့ ထွက်ပြေးသွားကြတာတော့ ဟုတ်ပါတယ်။ တိုက်ပွဲကတော့ ဖြစ်မဖြစ် မသေချာဘူး။ ကျနော်တို့လည်း အတိအကျမပြောနိုင်ဘူး။ သူတို့တွေ ပြောပြချက်အရတော့ ဗုံးပေါက်ကွဲပြီး သေနတ်ပစ်ဖောက်သံကြားလို့ ထွက်ပြေးလာကြတာပါ။ တိုက်ပွဲထပ်ဖြစ်ပွားမှာ စိုးရိမ်လို့ ထွက်ပြေးလာတာလည်းဖြစ်နိုင်တယ်” ဟု မိုင်းကိုင်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းကိုင်မြို့နယ် ဒေသထဲတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့ပြန်ဝင်လာသည်ဟု ဒေသခံတစ်ချို့က ပြောဆိုနေကြသည်။
သို့သော် သျှမ်းသံတော်ဆင့်သတင်းဌာန အနေဖြင့် အတည်မပြုနိုင်သေးပေ။
အဆိုပါ RCSS/SSA ပြန်ဝင်လာပြီး လက်ရှိ မိုင်းကိုင်မြို့နယ်တွင် လှုပ်ရှားနေသည့် မြောက်ပိုင်းမဟာမိတ်များနှင့်တိုက်ပွဲ ဖြစ်ပွားမည်ကို ပြည်သူများ စိုးရိမ်နေကြောင်း သိရသည်။
“ ကျေးရွာတွေထဲတော့ RCSS/SSA ပြန်ဝင်လာတယ်လို့ပြောကြတာပဲ။ ပြန်ဝင်လာဖို့ဆိုလည်း မလွယ်လောက်ဘူးထင်တယ်။ RCSS/SSA ရှိလား မရှိဘူးလားဆိုတာတော့ ကျနော်လည်း အတိအကျ မပြောနိုင်သေးဘူး။ အခု ပြည်သူတွေက သူတို့ ပြန်ဝင်လာပြီး တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတာ” ဟုစစ်ဘေးရှောင်များကို ကူညီသည့်သူက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်လာသည့် ကုန်းကန်ကျေးရွာ နှင့် နမ့်စိုင်လီရွာသား စုစုပေါင်း (၉၁) ဦးသည် မက်လန်းဘုန်းကြီးကျောင်းတွင်ရှိကြောင်း၊ ကုန်တီးရွာ နှင့် ဟွေအွန်ရွာသား (၄၅) ဦး သည် မိုင်းကိုင်မြို့ကျောင်းခမ်းဓမ္မာရုံတွင် ရောက်ရှိထားကြောင့် သံဃာ့ဩဝါဒခံ နာရေးကူညီမှု အသင်း (မိုင်းကိုင်မြို့)က ထုတ်ပြန်ထားသည်။







