ကျောက်ဖြူမြို့ ဦးဥတ္တမပန်းခြံအတွင်း အရက်သေစာသောက်စားသူများကို အရေးယူမည်

ကျောက်ဖြူမြို့ ဦးဥတ္တမပန်းခြံအတွင်း အရက်သေစာသောက်စားသူများကို အရေးယူမည်
ကျောက်ဖြူမြို့ ဦးဥတ္တမပန်းခြံအတွင်း အရက်သေစာသောက်စားသူများကို အရေးယူမည်
ကျောက်ဖြူမြို့ ဦးဥတ္တမပန်းခြံအတွင်း အရက်သေစာသောက်စားသူများကို အရေးယူမည်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ ဆရာတော်ဦးဥတ္တမပန်းခြံအတွင်း အရက်ဝိုင်းဖွဲ့သောက်စားနေသူများကို ယခုလအတွင်း စောင့်ကြည့်အရေးယူတော့မည်ဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါပန်းခြံအတွင်း အရက်သေစာ ဝိုင်းဖွဲ့သောက်စားခြင်းအားဖြင့် အပန်းဖြေလာရောက်ကြသည့် မြို့ခံများမှာ စိတ်အနှောက်အယှက်ဖြစ်ရကြောင်း မြို့ခံများကတင်ပြတောင်းဆိုသည့်အတွက် အရေးယူရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဏ်က DMG ကိုပြောသည်။

“အများပြည်သူ အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး ကျနော့်တို့ ဆီကို မြို့မိမြို့ဖအဖွဲ့အစည်းတွေက တင်ပြတောင်းဆိုထားတာ ရှိပါတယ်။ ကျနော်တို့အနေနဲ့လည်း ဒီနေရာဟာ အများပြည်သူ အပန်းဖြေတဲ့နေရာဖြစ်တဲ့အတွက် ဒီလအတွင်းမှာပဲ လုပ်ဆောင်သွားဖို့ရှိပါတယ်”ဟု ဦးမျိုးမင်းထွဏ်က ပြောသည်။

ယင်းသို့ အရေးယူနိုင်ရေးအတွက် ပထမဦးစွာ ကြိုတင်အသိပေးခြင်းများပြုလုပ်ကာ ဒေသန္တရအမိန့်ထုတ်ပြန်ပြီး အမိန့်ဖောက်ဖျက်သူများကို ထိရောက်စွာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်း ဦးမျိုးမင်းထွဏ်က ဆက်ပြောသည်။

“ဒေသန္တရအမိန့်မထုတ်ပြန်ခင်မှာ ကျနော်တို့ဖက်က ပြည်သူတွေကို ဒီနေရာတွေမှာ အရက်မသောက်ရဆိုပြီးတော့ ကြိုတင်အသိပေးတာတွေ၊ ပညာပေးတာတွေ အရင်လုပ်သွားမှာပါ။ ဒါတွေလုပ်ပြီးသွားရင် ဥပဒေနဲ့အညီ ကျနော့်တို့ထိထိရောက်ရောက် ရုံးတင်ပြီးတော့ တရားစွဲဆိုသွားမှာပါ”ဟု ဦးမျိုးမင်းထွဏ်ကပြောသည်။

အဆိုပါ ဦးဥတ္တမပန်းခြံတွင် နေ့စဉ်နံနက် ၉ နာရီမှစတင်ကာ အရက်သောက်စားဝိုင်း ၁၀ ထက်မနည်းရှိနေပြီး အားလပ်ရက်များတွင် ယင်းထက်ပိုမိုများပြားကာ အပန်းဖြေနားနေသူများအတွက် နေရာမရှိဖြစ်နေကြောင်းလည်း မြို့ခံများကပြောသည်။

ထိုသို့ နေ့စဉ်အရက်ဝိုင်းများ ပိုတွေ့ရှိလာရခြင်းမှာ မြို့သူမြို့သားများအတွက် ဂုဏ်သိက္ခာကျဆင်းစေပြီး ရခိုင်လူမျိုးတို့၏ အထင်ကရခေါင်းဆောင် ဆရာတော် ဦးဥတ္တမကို မရိုသေမလေးစားရာရောက်ကြောင်း ကျောက်ဖြူ မြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးထွန်းနုကပြောသည်။

“ဒီနေရာက ဆရာတော်ရုပ်ထုကို ပူဇော်ထားတဲ့နေရာဖြစ်သလို မြို့ရဲ့အထင်ကရ အပန်းဖြေစရာနေရာလည်းဖြစ်တယ်။ ဒီဧရိယာအတွင်းမှာ ဟိုနားတစ်စု ဒီနားတစ်စုနဲ့ အရက်ဝိုင်းတွေစည်ကားနေတာက မြင်လို့မကောင်းဘူး။ ဒါကို ကျနော်တို့က သတိပေးစာတွေကပ်ပြီး တားမြစ်ခဲ့ကြသေးတယ်။ ဒါပေမယ့် မလိုက်နာကြဘူး”ဟု ဦးထွန်းနုကပြောသည်။

ထိုသို့ ဦးဥတ္တမပန်းခြံတွင် အရက်သေစာဝိုင်းဖွဲ့စားသောက်ခြင်းကိစ္စအား သက်ဆိုင်ရာမှ အရေးယူမည့်အစီအစဉ်မှာ ကောင်းမွန်သည့်လုပ်ရပ်ဖြစ်သဖြင့် မြို့သူမြို့သားများအနေနှင့်လည်း သတိထားဆင်ခြင်စေလိုကြောင်း မြို့ခံလူငယ်တစ်ဦးဖြစ်သူ ကိုစိုးမိုးသူက ပြောသည်။

“ဆရာတော်ဦးဥတ္တမဆိုတာက ရခိုင်လူမျိုးတွေသာမက ကမ္ဘာ့လူတွေကပါ အသိအမှတ်ပြုထားတဲ့ပုဂ္ဂိုလ်၊ ဒါကြောင့် ကျနော်တို့က ပိုပြီးသတိထားဆင်ခြင်ရမှာဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အရေးယူမယ်ဆိုတာဟာ ကောင်းတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ကျနော်ကတော့ မြို့ခံတစ်ယောက်အနေနဲ့ လက်ခံပါတယ်”ဟု ကိုစိုးမိုးသူကပြောသည်

အဆိုပါပန်းခြံသည် ၁၉၈၈ ခုနှစ်တွင် မုန်းတိုင်းတိုက်ခံရပြီး ဆိုင်းဘုတ်ပြိုလဲသွားပြီးနောက် ကျောက်ဖြူအာဏာပိုင်များက ၎င်းတို့သဘောဖြင့် နဒီသောင်ယံပန်းခြံဟု အမည်ပေးခဲ့သည်။

ယင်းကြောင့် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် ကျောက်ဖြူဒေခံများက မူလဦးဥတ္တမပန်းခြံအဖြစ် အမည်ပြောင်းရန် မြို့နေလူထု၏သဘောထား လက်မှတ်ကောက်ယူပြီး အာဏာပိုင်များကို တောင်းဆိုတင်ပြခဲ့သည့်အတွက် ဦးဥတ္တမပန်းခြံအဖြစ် ၂၀၁၅ ခုနှစ်တွင် ပြန်လည် သတ်မှတ်ပေးနိုင်ခဲ့သည်။

အဆိုပါ ဦးဥတ္တမပန်းခြံမှာ ကျောက်ဖြူ-ရန်ကုန် အဝေးပြေးကားလမ်းဘေး မြို့အဝင် ပင်လယ်ကမ်းခြေတွင်တည်ရှိသည်။

Most read this week

May 18, 2024
- ဗန်းမော်ခရိုင် မိုးမောက်မြို့နဲ့မံစီမြို့ကို သိမ်းပိုက်နိုင်ဖို့ KIA ဘက်က...
May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...
May 17, 2024
- ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(AA)က အရွယ်ရောက်ပြီးသူတိုင်း...
May 17, 2024
စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏...