စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံး

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ဆယ်ကျော်သက်လူငယ်တစ်ဦး သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်တွင် ဇွန် ၂၉ မနက်ပိုင်း ၉ နာရီခန့်ကစ၍ စစ်ကောင်စီတပ်နှင့် CDF-Mindat တပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့သည်။

မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ တပ်ရင်းမှ  မနက်ပိုင်း ၁၀ နာရီကျော်ကျော်ခန့်က မင်းတပ်မြို့မြောက်ဘက် မဒပ်၊ ကြားအိမ်နူး စသည့်ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ခဲ့ပြီးနောက် မဒပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ဗုံးဆံထိမှန်သေဆုံးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မဒပ်မှာ လူငယ်တစ်ယောက် သေသွားတယ်။ အရင်က လက်နက်ကြီးထိပြီးတော့ သူ့ညီလေးက ဆေးရုံမှာ ခြေထောက်ဖြတ်ပြီးတော့ ဆေးရုံမှာမဆင်းသေးဘူး။ အရင်ကကျတဲ့အိမ်နားမှာ ပြန်ကျပြီးတော့ သူ့အစ်ကိုက အခုထိပြီးတော့ သေသွားတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

 သေဆုံးသွားသည့်လူငယ်၏ ညီဖြစ်သူမှာလည်း မေလတုန်းက စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးကျည်ကြောင့် ခြေတဖက်ပြတ်ခဲ့ရပြီးဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့ကက ခရလ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် မဒပ်ကျေးရွာဘက်တွင် လက်နက်ကြီးကျည် ၆ ကြိမ်ခန့် ကျရောက်ပေါက်ကွဲကာ သေဆုံးသွားသူ၏ ညီဖြစ်သူ အသက် ၁၁ နှစ်အရွယ်မှာ ဗုံးဆံထိမှန်မှုကြောင့် ဘယ်ခြေထောက်ပြတ်သွားကာ ဆေးရုံတွင် ကုသမှုခံယူနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးဖြစ်ခတ်မှုကြောင့် ကြားအိမ်နူးရွာမှ လူနေအိမ်တစ်လုံးနှင့် ဝက်တစ်ကောင်လည်း မီးလောင်သေဆုံးသွားသည်ဟု သိရသည်။

မင်းတပ်မြို့နယ် ပလုမ်တွီကျေးရွာဘက်တွင် နံနက်ပိုင်းကစ၍ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ကြသည်။

CDF- Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က “မနက် ၁၀ နာရီဝန်းကျင်လောက်မှာ CDF နဲ့ စကစတွေ ပလုမ်တွီနားမှာ တိုက်ပွဲဖြစ်တယ်။ ခနနားပြန်နားသွားပြီးတော့ ညနေ ၃ နာရီလောက်မှာ တိုက်ပွဲပြန်စနေကြတာပေါ့။ စစ်ကြောင်းထိုးလာတဲ့သဘောမျိုးပဲ သူတို့တွေ ရှေ့ကိုဆက်တိုးလာချင်တာလားဆိုတာ စောင့်ကြည့်ရမယ်။” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ကလည်း ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မင်းတပ်မြို့နယ်၊ မွီတွီကျေးရွာဘက်တွင် ကျရောက်ပေါက်ကွဲခဲ့ကာ တောင်ယာလုပ်ငန်းလုပ်ကိုင်နေသော အသက် (၇၀) အရွယ် အမျိုးသားတစ်ဦး၊ အသက် (၆၀) အရွယ်နှင့် အသက် (၃၀) အရွယ် အမျိုးသမီးနှစ်ဦးတို့ လက်နက်ကြီးဗုံဆံထိမှန် သေဆုံးခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ - Crd
September 16, 2026
ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် ချင်းအင်အားစုများဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNA...
ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...