ကနီမြို့နယ်တွင် မေလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများ

ကနီမြို့နယ်တွင် မေလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများ

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်အာဏာရှင်စနစ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက တော်လှန်နေသည့်အတွက် စစ်ကောင်စီတပ်သည် နေရာဒေသအစုံတွင် စစ်မျက်နှာဖွင့် တိုက်ပွဲများဖြင့် ရင်ဆိုင်နေရသည်။

စစ်ကောင်စီတပ်သည် အညာဒေသဟု ဆိုနိုင်သည့် စစ်ကိုင်းတိုင်း၏အနောက်ဘက်လွင်ပြင်ဒေသများဖြစ်သော ကနီ ၊ ယင်းမာပင် ၊ ပုလဲ စသည့်မြို့နယ်များ တွင် နယ်မြေရှင်းလင်းစစ်ကြောင်းထိုးမှုများကို ခပ်စိပ်စိပ် ပြုလုပ်လျက်ရှိသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း အနောက်ဘက်လွင်ပြင်ဒေသ အစိတ်အပိုင်းတစ်ခု ဖြစ်သည့် ကနီမြို့နယ်တွင် မေလ ၁၇ ရက်နေ့မှ စတင်၍ စစ်အင်အား ၄ဝဝ ခန့် ဖြင့် ချင်းတွင်းမြစ်အရှေ့ဘက် နှင့် အနောက်ဘက် နှစ်ခြမ်းခွဲကာ နယ်မြေရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

ဒေသခံအဖွဲ့အစည်းများ နှင့် သပိတ်အင်အားစုများ၏ ဖော်ပြချက်စာရင်းများအရ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလအတွင်းက ကနီမြို့နယ် အတွင်းရှိ ရွာများမှ အိမ်များကို မီးရှို့ဖျက်ဆီးးခဲ့ရာ ( ၁) ကင်းတောင်ရွာမှ ၃၂ လုံး (၂) ဆင်ဆန်း ရွာမှ ၁၄လုံး (၃) သရက်တော ရွာမှ ၄၁ လုံး (၄) ဝက်ချောင်းလေးရွာမှ ၅၄ လုံး (၅) နတ်ကြီး ရွာမှ ၉၃ လုံး (၆) ဝက်ချောင်းကြီး ရွာမှ ၄၃ လုံး (၇) ရွာသာ ရွာမှ ၁၆ လုံး(၈) ကျွန်းဖျား ရွာမှ ၇၆ လုံး (၉) စိန်ကုန်း ရွာမှ ငါး လုံး (၁၀) ကနဲရွာမှ ၁၂၅ လုံး (၁၁) အထက်ကင်း ရွာမှ ၁၃၀ လုံး (၁၂) ကင်း ရွာမှ ၂၁၀ လုံး (၁၃ ) ကဲဒေါင် ရွာမှ ၂၀၁ လုံး (၁၄) ချမ်းသာစု ရွာမှ ငါး လုံး (၁၅) မိုးကောင်း ရွာမှ ၂၅ လုံး တို့ ဖြစ်သည်။ ထို့စာရင်း အရ စစ်ကောင်စီတပ်သည် ကျေးရွာပေါင်း ၁၅ ရွာမှ လူနေအိမ် စုစုပေါင်း ၁၀၇၀ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့သည်။

"ကျွန်တော်တို့ နတ်ကြီး ကျေးရွာကို မေလ ၂ဝ ရက်နေ့မှာ စစ်ကောင်စီ တပ်က ဒုတိယအကြိမ်မြောက်ထပ်မံ မီးရှို့ခဲ့ပါတယ်။ လူနေအိမ် ၉၃ လုံး မီးလောင်ပြာ ကျခဲ့ပါတယ်။ ချင်းတွင်းမြစ် အရှေ့ဘက်ကမ်းကနေ နယ်မြေရှင်း စစ်ကြောင်းထိုးခဲ့တဲ့ ကလေးအခြေစိုက် ခမရ(၃၆၁) တပ်ကရှို့တာပါ။ အင်အား ၂ဝဝ လောက်ပါတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ဖောက်ဝင် ရောက်လာ တာပါ။ အဲ့ဒီနေ့မနက် ၈နာရီဝန်းကျင်လောက်မှာ မီးရှို့ခဲ့တာပါ" ဟု စစ်ကောင်စီတပ်၏ ထပ်မံမီးရှို့ခြင်းကို ခံခဲ့ရသည့် နတ်ကြီးရွာသား ကိုငြိမ်းက ပြောသည်။

မေလတစ်လတည်းတွင်ပင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု လုပ်ရပ်များကြောင့် ကနီမြို့နယ်တွင် အိုးအိမ်များကိုစွန့်ခွာ၍ စစ်ရှောင်ခဲ့ရသူ ဦးရေ ၉, ဝဝဝ ကျော်အထိ ရှိသည်။ အဆိုပါ ဒေသခံစစ်ဘေးရှောင်များတွင် ကိုယ်ဝန်သည်မိခင်များ၊ သက်ကြီး ရွယ်အိုနှင့် ကလေးသူငယ်များပါ ပါဝင်နေသည်။

"စစ်သားတွေ လာပြီဆိုရင် ကျွန်မတို့မှာ မပေါ့မပါးနဲ့ ပြေးရလွှားရတယ်။ ပြေးရပြီဆိုရင် ဘာကို စားချင်စိတ်မရှိတော့ဘူး။ ပြေးရတာကလည်း တောထဲဆိုတော့ ဘယ်ဆရာဝန်နဲ့ မှမပြရဘူး။ ကာကွယ်ဆေးထိုးရမယ့် အချိန်လည်း မထိုးရဘူး။ မွေးဖို့ဖွားဖို့ကို တွေးကြည့်ရင် အိပ်လို့မပျော်ဘူး" ဟု တန်ဇယ်ချောင်ကျေးရွာနေ စစ်ရှောင် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးက ဆိုသည်။

ကနီမြို့နယ်တွင်း မေလအတွင်းက စစ်ကောင်စီတပ် နှင့် ဒေသခံပြည်သူ့ကာကွယ် ရေးတပ်များ ထိတွေ့တိုက်ပွဲ (၁၅ ) ကြိမ် ဖြစ်ပွားခဲ့သည်။ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅ဝ ခန့်သေဆုံးနိုင်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဘက်က ရဲဘော် ငါး ဦး ကျဆုံး၍ ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျောက်လုံးကြီး ပြည်သူ့ ကာကွယ်ရေးတပ်၏ မှတ်တမ်းများအရ သိရသည်။

ကနီမြို့နယ်တွင်း တိုက်ပွဲ အခြေအနေများ နှင့်ပတ်သက်၍ " အခုနောက်ပိုင်း ရေ ကြောင်းမှာ ဖြစ်သွားခဲ့တဲ့ တိုက်ပွဲတွေကို ပြန်ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်က ပါးပါးနပ်နပ် ဗျူဟာခင်းလာတာကို တွေ့ရတယ်။ သူတို့ စစ်ကြောင်း ရောက်တဲ့နေရာမှာ Signal တွေ အကုန်ဖြတ်တယ်။ ဖုန်းပြောဖို့ဝေးရော အခုလိုမျိုး အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ခြင်းအားဖြင့် အဝေးထိန်းမိုင်းတွေ၊ ရှင်းအောင် ပြောရရင် ဖုန်းမိုင်းတွေ အတွက် အခက်အခဲဖြစ်သွားတယ်" ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် မှ နာယက ဆရာတော်က မိန့်သည်။

စစ်ကောင်စီတပ်သည် ဖုန်းလိုင်း အင်တာနက်လိုင်းများ ဖြတ်တောက်ယုံ သာမက တတိုက်ပွဲများဖော်ဆောင်ရာတွင် ဒရုန်းများအသုံပြုခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကိုပါ လုပ်ဆောင်လာသည်။

"နောက်ထပ် စစ်ကောင်စီ တပ်က ခင်းလာတဲ့ ဗျူဟာ တစ်ခုကတော့ ဘယ်မှာမှ မကြုံဘူးသေးတဲ့ ဒရုန်းကို သုံးပြီး တိုက်ခိုက်တာပဲ။ ပြည်သူကာကွယ်ရေး ရဲဘော် (PDF)တွေက ပေးလိုက်တဲ့ ဗျူဟာကို စစ်ကောင်စီ တပ်က ပြန်အသုံးချနေတာမျိုးပေါ့။ ကနီ တန်ဇယ်ချောင် တိုက်ပွဲတွေမှာ စစ်တပ်က သုံးသွားတဲ့ ဒရုန်းဟာ အမြင့် မီတာ ၇ဝဝ အထိ ပျံသန်းနိုင်တယ်။ ဒရုန်း နဲ့ ၆ဝမမ ချပြီးတိုက်တယ်။ နောက်ထပ် ဒရုန်းနဲ့ ပွိုင့် အတိအကျ ယူတယ်။ ၉၀ မမ အဝေးပစ်နဲ့ ပစ်တယ်။ ဒီလို အခြေအနေမျိုးမှာ မှ တူမီးလေးတွေ နဲ့ အံတုနေတဲ့ ရဲဘော်တွေကို စဉ်းစားကြည့်ပေါ့။ အခုနောက်ပိုင်း မှာ တော့ လက်နက်ကောင်းတာလေးတွေ အနည်းအကျဉ်းရလာတာမျိုးတော့ရှိတယ်။ ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့တဲ့ တူမီးတို့ လက်လုပ်မိုင်းတို့ကိုတော့ လက်လွှတ်လိုက်လို့ မရသေးဘူး" ဟု KLG PDF မှ နာယက ဆရာတော် က ဆိုသည်။

စစ်ကောင်စီ တပ်သည် ကနီမြို့နယ်အတွင်း နယ်မြေရှင်းလင်းရာတွင် ဒေသခံပြည်သူ ၁၅ ဦးကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးချ၍ စစ်ကြောင်းထိုးမှုများကိုလည်း ပြုလုပ်ခဲ့သည်။ မေလ အတွင်း စစ်ကောင်စီ တပ်၏ သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူ ကိုး ဦး သေဆုံးခဲ့ရပြီး ၁၀ ဦးထက် မနည်း ညှဉ်းပမ်း နှိပ်စက်ခံခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

"တိုက်ပွဲတွင် Change Of Command က အလွန်အရေးကြီးပါတယ်။ ကနီမြို့နယ် မှာ ဆိုရင်တိုက်ခိုက်ဖို့အတွက် Man Power အနေနဲ့ တော်တော်လေး အားကောင်းတယ်ဗျ။ သို့သော် Change Of Command ကောင်းကောင်းမရှိဘူး။ ဒါကြောင့် လူများပြီး ပွဲက ထင်သလောက်မစည်ဘဲဖြစ်နေတယ်။ ဒါတွေကို ပြင်ဆင်ပြီးတော့ အရေအတွက် နည်းနည်းနဲ့ အရည်အချင်းရှိတဲ့ ရဲဘော်တွေရဲ့ အမိန့်နာခံမှု စနစ်အားကောင်းအောင် ဆောင်ရွက်ဖို့ လိုနေပြီ" ဟု MPDF မှ ဒုတပ်ရင်းမှူးက ပြောသည်။

ကနီမြို့နယ်တွင် မေလအတွင်း စစ်ကောင်စီ တပ်၏ နယ်မြေရှင်းလင်းမှုကြောင့် ကျေးရွာ ၁၅ ရွာ မီးရှို့ခံခဲ့ရပြီး ပြည်သူပိုင်နေအိမ် အလုံး ၁ဝ၇ဝ ခန့်ဆုံးရှုံးခဲ့ရသည်။ ဒေသခံပြည်သူ ဦးရေ ၂၁၄၀ ခန့် အိုးမဲ့အိမ်မဲ့ဘဝဖြင့် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး နှင့် ဆေးဝါးအတွက်အကူအညီများစွာကို လိုအပ်လျက်ရှိနေသည်။

Most read this week

May 16, 2024
ပညာသင်ယူမှုပြီးမြောက်လျှင် လူ့အသက်များကို ကယ်တင်ရင်း အမျိုးသားရေးပခုံးပြောင်းတာဝန်များကို...
May 14, 2024
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်များအား ပံ့ပိုးကူညီပေးရန် လူ့အခွင့်အရေး လှုပ်ရှားသူ...
May 14, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA )စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွမ်း ကွယ်လွန်ခြင်းအတွက်...
May 3, 2024
စာနယ်ဇင်းလွတ်လပ်ခွင့်သည် ပြည်သူများ၏ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် စဉ်းစားဆင်ခြင်...