“ရှေ့နေကောင်းတစ်ယောက်တော့ဖြစ်ချင်သော်လည်း စစ်အာဏာရှင်စနစ်ကိုလက်မခံနိုင်လို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ရတဲ့ CNF စစ်သမီး‌မဒေစီ”

“ရှေ့နေကောင်းတစ်ယောက်တော့ဖြစ်ချင်သော်လည်း စစ်အာဏာရှင်စနစ်ကိုလက်မခံနိုင်လို့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ရတဲ့ CNF စစ်သမီး‌မဒေစီ”

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်ကအာဏာသိမ်းယူပြီးနောက် အာဏာရှင်စနစ်ကိုလက်မခံနိုင်တဲ့ လူငယ်တချို့ဟာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုရွေးချယ်ခဲ့ကြပြီး စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်ခဲ့ကြပါတယ်။

ဒီလူငယ်တွေထဲမှာ ချင်းသမီးပျို မဒေစီ လည်းပါဝင်ပါတယ်။ မဒေစီဟာ မကွေးတက္ကသိုလ်ကနေ ဥပဒေဘွေဲ့ ရရှိထား သူဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် ဝိတိုရိယစခန်း စစ်ရေး ချုပ်မှာ စစ်ရေးတာဝန်ကို ထမ်းဆောင်နေပါတယ်။ ချင်းလူငယ်အမျိုးသမီး တစ်ယောက်အနေနဲ့ ဘာကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ဆုံးဖြတ်ခဲ့ရတာပါလဲ။ သူ့ရဲ့ အနာဂတ် အိမ်မက် မျှော်မှန်းချက်များက ဘာတွေလဲ။ Khonumthung သတင်းဌာနက မဒေစီ ကို အခုလိုဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေး- ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တာပါလဲ။

ဖြေ- ကျမ ဒီလက်နက်ကိုင်တော်လှန်ရေးကို လုပ်ရတဲ့ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ်ကို ကျမ မကြိုက်လို့ပါ။ စစ်အာဏာရှင်စနစ်မှာ နှစ်ကာလကြာရှည် ကျမတို့ သူတို့လက်အောက်မှာနေခဲ့ရတဲ့ အတွက်ကြောင့်မို့ ကျမတို့ တိုင်းရင်းသားတွေ အဓိကအနေနဲ့ ပညာရေးသော်လည်းကောင်း၊ လူမှုရေး၊ စီးပွားရေး အကုန်လုံး ချွတ်ချုံကြနေတာပေါ့။

အဲ့အတွက်ကြောင့် ဒီအာဏာရှင်စနစ်ကို ကျမတို့မှ မတော်လှန်ဘူးဆိုရင် တော်လှန်မယ့်သူလည်း ရှိတော့မှာမဟုတ်ဘူး။ အဲ့ဒါအတွက်ကြောင့်မို့ လူငယ်တွေအနေနဲ့ ဒီအချိန်နှိုးထရမယ့်အချိန်ရောက်ပြီဆိုတဲ့ ခံယူချက်နဲ့ ကျမ ဒီချင်းအမျိုးသားတပ်မတော်ကို ဝင်ရောက်ပြီးမှ လက်နက်ကိုင်ဆောင်ရခြင်း ဖြစ်ပါတယ်။

မေး- လက်နက်ကိုင်လမ်းစဉ်ကိုရောက်အောင် တွန်းပေးတဲ့အဓိကအကြောင်းအရင်းက ဘာကြောင့်ပါလဲ။

ဖြေ- ကျမတို့ လက်နက်မကိုင်ခင်မှာ ကျမတို့ အေးချမ်းစွာနဲ့ဆန္ဒပြခဲ့ကြတယ်။ လမ်းပေါ် ကျမတို့ဆန္ဒပြတယ်။ သို့သော်ငြားလည်း ဒီစစ်ကောင်စီဖက်က လက်နက်တွေကိုင်ဆောင်လာတယ်။ ပြည်သူလူထုတွေကို မတရား ဖမ်းဆီးတယ်။ တော်တော်များများလူငယ်တ ွေပါသွားတာပေါ့။ အဲ့ထဲမှာ ကျမအသိသူငယ်ချင်းတွေပါ တယ်။ အဲ့အတွက်မို့လို့ ကျမတို့လက်နက်မပါဘဲနဲ့ တော်လှန်ရင်တော့မဖြစ်ဘူး။ ကျမတို့ဘက်ကနေပြီး နစ်နာမှုတွေ အရမ်းများတဲ့အတွက်ကြောင့်မို့ သူတို့လက်နက်ကိုင်တဲ့အတွက်မို့လို့ ကျမတို့လက်နက်ကိုင်မှ ဖြစ်တော့မယ်ဆိုတဲ့ခံယူချက်တစ်ခုနဲ့ပဲ ဒီလက်နက်ကိုင်ဆောင်ရခြင်းဖြစ်ပါတယ်။

မေး- ကိုယ်ကအမျိုးသမီးဖြစ်နေတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တဲ့အခါမှာ ဘယ်လို အခက်အခဲမျိုးကို ကြုံခဲ့ရသလဲ။ ဘယ်လို ကျော်လွှားခဲ့ရသလဲ။

ဖြေ- အမျိုးသမီးတစ်ယောက်ဖြစ်‌နေတဲ့အတွက်ကြောင့်မို့လို့ ကျမတို့အတွက်အခက်အခဲကတော့ အများကြီးပဲ။ အဓိက နံပါတ်တစ်က စိတ်ဓာတ်ကို ပထမပြင်ဆင်ရတယ်။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးက ကျမတို့ အိပ်မက်လည်းမမက်ခဲ့ဘူး။ တချိန်ကြရင် လက်နက်ကိုင်ရလိမ့်မယ်ဆိုတဲ့အရာက အိပ်မက်လည်း မမက်ဖူးဘူး။ ဒါပေမယ့် အခုအခြေအနေက လက်နက်ကိုင်ရမယ့်အခြေအနေဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့ ပထမဦးဆုံးအနေနဲ့ စိတ်ဓာတ်ပိုင်းကို ပြင်ဆင်ရတယ်။ ကျမတို့လုပ်နိုင်မလားဆိုတဲ့ဟာနဲ့ပေါ့နော်။

ဒါပေမယ့် ကျမတို့ကို လက်နက်ကိုင်ဆောင်ရန် အဓိကတွန်းအားပေးတဲ့အရာက မတရားမှုကြီးပေါ့။ ဒီမတရားတဲ့အရာကြီးကို ကျမတို့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ အဲ့အတွက်မို့ ခက်ခဲတဲ့အရာတွေကို ကျမတို့သိပြီးသား ဖြစ်တယ်။ ချင်းတပ်မတော်ကို ကျမတို့လာမယ်ဆိုကတည်းက အဆိုးဆုံးကိုပြင်ဆင်ပြီးမှ ဒီကိုကျမတို့ လာရောက်ခြင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ ယောက်ျားလေးတွေနဲ့ အတူတကွ စစ်သင်တန်း တက်ရောက်ရမယ့်အခါကျတော့ ကျမတို့အနေနဲ့ အများကြီးအခက်အခဲဖြစ်မယ်ဆိုတာ သိပါတယ်။

ဒါပေမယ့် ကျမတို့လုပ်နိုင်လို့ဆိုတာထက် လုပ်မှဖြစ်မယ်ဆိုတဲ့စိတ်နဲ့ ဒီစစ်သင်တန်းကို ခက်ခဲမှန်းသိတယ် ဒါပေမယ့် တက်ခဲ့တာပေါ့နော်။ အဲ့အထဲမှာတော့ အများကြီးပဲ ခန္ဓာပိုင်းဆိုင်ရာသော်လည်းကောင်၊ စိတ်ပိုင်းဆိုင်ရာ သော်လည်းကောင်း အခက်အခဲတွေအများကြီး ကြုံခဲ့သော်လည်းပဲ ကျမတို့ အကောင်းဆုံးကြိုးစားပြီးမှ ဒီသင်တန်းကို ပြီးဆုံးတဲ့အထိ တက်ရောက်ခဲ့တာပေါ့နော်။

မေး- တော်လှန်ရေးကာလမှာ  ဘယ်လိုပေးဆပ်မှုမျိုး ကြုံခဲ့ရပါလဲ။

ဖြေ- ပေးဆပ်မှုမျိုးဆိုတာကြတော့ အဓိက ကတော့နော် ကိုယ်ချစ်တဲ့သူတွေအကုန်လုံးနဲ့ ခွဲခွာနေရတာပေါ့။ ဒီချိန်ဒီကာလမှာ ကိုယ့်မိသားစုနဲ့ ကိုယ့်မောင်နှမတွေနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေရမယ့် ကာလပေါ့။ ဒါပေမယ့် စစ်အာဏာရှင်က ဒီလိုမျိုးအာဏာသိမ်းလိုက်တဲ့အခါကြတော့ ကျမတို့တော်လှန်ရေး လုပ်ကြတဲ့အခါကြတော့ အကုန်လုံး ကိုယ်ချစ်တဲ့သူတွေနဲ့ ဝေးပြီးတော့ စွန့်လွှတ်လိုက်ရတာပေါ့။ ကိုယ့်ရဲ့အလုပ်အကိုင်သော်လည်းကောင်း ပြီးတော့အစစအရာရာပေါ့ အများကြီးပဲစွန့်လွှတ် လိုက်ရတာပေါ့နော်။

မေး- ဒီတော်လှန်ရေးနဲ့ပတ်သတ်ပြီး ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကိုလည်း ပြောပြပါလား။

ဖြေ- တော်လှန်ရေးယုံကြည်ချက်က ဘာလဲဆိုတော့ ကျမယုံကြည်တာက ဒီတော်လှန်ရေးက အောင်တော့ အောင်မြင်မယ်သို့သော်ငြားလည်းပဲ ကြာမယ်။ အဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဒီတော်လှန်ရေးအောင်မှလည်း ဖြစ်မယ်။ ရှေ့မှာလည်း ကျမတို့လူငယ်တော်တော်များများ အသက်တွေအများကြီး ပေးသွားပြီ။ ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်တွေလည်း အများကြီး ဆုံးရှုံးနစ်နာမှုတွေ ရှိသွားပြီ။ ဒါကြောင့်မို့ ကျမတို့ ဒီအရေးတော်ပုံအောင်မှ ဖြစ်မယ်။

အောင်ဖို့ဆိုရင် ကျမတို့ ဆက်လက်ပြီးမှ ဇွဲရှိဖို့ လိုမယ်။ သည်းခံဖို့ လိုတယ်။ တယောက်နဲ့တယောက် ပိုပြီးတော့မှချစ်ချစ်ခင်ခင်နဲ့ ပိုပြီးစည်းလုံးဖို့လိုတယ်။ ဒီအချိန်မှာ ဘေးဖက်ကနေပြီး ကျမတို့ကို သွေးခွဲတဲ့အရာတွေ အများကြီးလာမယ်။ ဒါပေမယ့် အဲဒီအထဲ ကျမတို့ပါမသွားပဲနဲ့ ကျမတို့ ရည်မှန်းချက်က ဘာလဲဆိုတဲ့အရာကို မေ့မသွားပဲနဲ့ ကျမတို့ဒီတော်လှန်ရေးကို အဆုံးတိုင် အောင်မြင်အောင် အောင်မြင်မယ်လို့လည်း ကျမယုံကြည်တယ်။

မေး- တော်လှန်ရေးကာလမှာ ပေးဆပ်မှုတွေရှိတဲ့အထဲက ကြီးကြီးမားမားပေးဆပ်မှုကဘာဖြစ်မလဲ။

ဖြေ- အကြီးမားဆုံးပေးဆပ်မှုက ကိုယ်ချစ်တဲ့သူတွေနဲ့အကုန်လုံးဝေးနေရတယ်။ ဒီကိုလာတယ် ဆိုကတည်းက သေချာတာက အသက်ပါပေးဆပ်ရမယ်ဆိုတာ သိပြီးသား။ ပြောရမယ်ဆိုရင်တော့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသအတွက် ဒီအချိန်မှာမှ ကျမတို့မပေးဆပ်ဘူးဆိုရင် ကျမတို့အတွက် အမြဲနောင်တရစရာ ရှိသွားမှာ။

အမျိုးစုံသောအခွင့်အလမ်းတွေက ရှိတယ်။ ဒီကာလမှာက ကျမတို့ နိုင်ငံခြားမှာကျောင်းသွားတက်လို့ ရတယ်။ သို့သော်ငြားလည်း အဲဒီလိုနိုင်ငံခြားမှာ ကျောင်းသွားတက်လို့ရတာကို အခွင့်အရေးယူပြီးမှ ကျမတို့အကုန်လုံး သွားမယ်ဆိုရင်တော့ ဘယ်သူတွေက တိုက်မှာလဲဆိုတဲ့စိတ် အဲဒီအတွက်မို့ ဒီကိုလာမယ်ဆိုကတည်းက ကိုယ်ကျိုးစွန့်ဖို့အတွက်ပဲလာတယ် အသက်လည်းအချိန်မရွေး ပေးသွားနိုင်တယ်။ အဲဒီလောက်ထိကို ကျမက ခံယူချက်ပြင်းပြပြီးမှ ဒီကိုရောက်လာခြင်း ဖြစ်တယ်။

မေး- တော်လှန်ရေးမဝင်ခင် ဖြစ်ချင်တဲ့ဘဝပုံစံမျိုးက ဘယ်လိုမျိုးလဲ။

ဖြေ- ကျမက ဥပဒေသမား ဖြစ်တဲ့အတွက်မို့လို့ ရှေ့နေကောင်းတစ်ယောက်တော့ ဖြစ်ချင်တာပေါ့နော်။ ပြီးတော့ ကျမ ဥပဒေကျောင်းတက်တယ်ဆိုကတည်းက ကျမမှာ ရည်ရွယ်ချက်ရှိတာပေါ့။ ကျမတို့ ချင်းပြည်နယ်မှာက ပညာရေးလည်း နိမ့်ပါးတယ်။ ပြည်မမှာသွားပြီးမှ ပညာသင်ကြားရတယ်။ အဲ့ဒီပညာသင်ကြားတဲ့ ကာလအတွင်းမှာ မြောက်များစွာသော အခက်အခဲတွေ ကြုံတွေ့ရတယ်။ ဘာသာစကားကအစ… ပြီးတော့ ခွဲခြားဆက်ဆံမှုတွေ အများကြီးကြုံရတယ်။

နောက်ပြီး ဒီဥပဒေကို ကျမတို့ဘက်မှာက တက်တဲ့သူ နည်းတယ်။ ဒီဥပဒေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်တဲ့သူက ရှားပါးတဲ့အတွက်မို့လို့ ကျမက ကိုယ့်ဒေသအတွက် ဘယ်နေရာမှာ ဘယ်လိုပါဝင်နိုင်မလဲ စိတ်ကူးနဲ့ပဲ ဒီကျောင်းကို ကျမပြီးအောင် တက်ခဲ့တာပေါ့။

အဲဒီအတွက်မို့ ကျမရဲ့အကြီးမားဆုံး ရည်မှန်းချက်ကတော့ နိုင်ငံကောင်းခဲ့တယ်ဆိုရင် ကိုယ်ဒေသအတွက် လုပ်ရမယ့်အရာတွေအများကြီး တွေ့တာပေါ့နော်။ ကျောင်းပြီးသွားတော့ ကျမတို့ဒေသအတွက် လုပ်ရမယ့် အရာ အများကြီးရှိတယ်ဆိုတာကို ကျမတွေ့တဲ့အတွက်ကြောင့် တိုင်းပြည်သာ ကောင်းသွားမယ်ဆိုရင် ကျမမှာလည်း Plan တွေ အများကြီးရှိတယ်လို့ ပြောချင်တယ်။

မေး- ဖြစ်ချင်တဲ့အိမ်မက်နဲ့ အခုဖြစ်သွားတဲ့အရာတွေက ကွာခြားသွားတော့ဘယ်လိုခံစားရလဲ။

ဖြေ- တခါတလေကျရင် မျှော်လင့်ချက်တော့မဲ့သွားတာပေါ့။ ကိုယ်အိမ်မက်မက်ခဲ့တဲ့အရာနဲ့ လက်ရှိဖြစ်နေ တဲ့အရာက တခြားစီဖြစ်တဲ့အခါကြတော့ တော်တော်မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်လည်းကျတယ်။ ဒါပေမယ့် ကျမတို့ စိတ်ဓာတ်ကျနေလို့မရဘူး။ ကျမတို့လုပ်ဆောင်မယ့်အရာတွေ အများကြီးရှိတယ်။ အခက်အခဲရှိမှ..မုန်တိုင်းရှိမှ လေပြေကပြန်လာမှာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ လက်ရှိရောက်တဲ့ နေရာမှာပဲ ဒါမလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူးဆိုပြီး လက်မှိုင်မကျဘဲနဲ့ ကျမတို့ဒီဟာကို ဘယ်လိုနည်းလမ်းနဲ့ ဘယ်လိုဖြေရှင်းမလဲ။ဘယ်လိုကောင်းအောင် ပြန်လုပ်မလဲဆိုတဲ့စိတ်နဲ့ပဲ ကျမတို့ ဆက်လက်ပြီး ရှေ့ဆက်သွားမယ်ဆိုရင် တစ်နေ့ကြရင် အောင်မြင်ခြင်းက ကျမတို့ကမ်းလှမ်းနေမယ်ဆိုတာ ယုံကြည်တာပေါ့။

မေး- တကယ်လို့ နွေဦးတော်လှန်ရေးက အောင်မြင်ခဲ့မယ်ဆိုရင် မဒေစီအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို  ဆက်လက်ပါဝင်မလား ဒါမှမဟုတ် ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိလဲ။

ဖြေ- တကယ်အမှန်တိုင်းပြောမယ်ဆိုရင် လက်နက်ကိုင်လမ်းစဉ်ကို ကျမအနေနဲ့ကတော့ သဘောမကျဘူးပေါ့။ သွေးထွက်သံယိုတွေကို ကျမ သဘောမကျဘူး။ ဒါပေမယ့်အခုက လက်နက်ကိုင်ရမယ့် အခြေအနေနဲ့မို့သာ ကိုင်ရမယ့်အဆင့်ကို ရောက်ရှိသွားတာဖြစ်တယ်။ ကျမအနေနဲ့တော့ ဒီတော်လှန်ရေး အောင်မြင်သွားရင် တဖက်တလမ်းကနေ ကျမပါဝင်သွားမယ်။ သို့သော်ငြားလဲ ဒီလက်နက်ကိုင်တဲ့ လမ်းစဉ်ကိုတော့ ကျမအနေနဲ့ သိပ်မနစ်မြို့ဘူးဆိုတာကို ပြောချင်ပါတယ်။

မေး- ပြည်သူတွေကို ထပ်ဆင့်ပြောချင်တာမျိုးရှိတယ်ဆိုရင်လည်း ပြောပေးပါလား။

ဖြေ- အခုတော်လှန်ရေးလုပ်တယ်ဆိုတာက လက်နက်ကိုင်မှပဲတော်လှန်တာ မဟုတ်ဘူးပေါ့နော်။ အပိုင်းအများကြီး ရှိတယ်။ တချို့ဆိုလည်း အလှု၊ တချို့ဆိုရင် ကိုယ်ကာယအားဖြင့် ကဏ္အသီးသီးကနေ အများကြီး တော်လှန်ရေး လုပ်နေကြတာပေါ့။ အဲဒီအတွက်ကြောင့်မို့လည်း ကျေးဇူးတင်တယ်လို့လည်း ပြောချင်တယ်။ အဲဒီအတွက်ကြောင့် စိတ်ဓာတ်မကျကျပါနဲ့။ ကျမတို့လည်း အဆိုးဆုံးကို ကြုံတွေ့ခဲ့တဲ့ အတွက်မို့လို့ အတူလက်တွဲပြီးမှ ကျမတို့လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို အတူတကွ ပြန်လည် တည်ဆောက်ကြရအောင်ပါ။ လူကြီးတွေ မလုပ်နိုင်တဲ့အရာတွေကို လူငယ်တွေအနေနဲ့ ဆက်လက်ပြီး အကောင်ထည်ဖော်ပြီး ဆောင်ရွက်သွားကြရအောင်ပါ၊ ကျမတို့ရဲ့အောင်မြင်မှုက အရမ်းမဝေးတော့ပါဘူး။

May 14, 2024
ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်၊ လုံတပ်ကျေးရွာကို စစ်ကောင်စီက...
May 10, 2024
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး...
May 10, 2024
မကွေးတိုင်း၊ ကျောက်ထုတိုက်နယ်၊ အကြည်ပန်းပလွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူများ အစည်းအဝေး...
May 9, 2024
ချင်းတော်လှန်ရေးအင်အားစုများက ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ပတ်နီးပါးကြာ...