CDM ပြုလုပ်လာတဲ့ ၃ ရစ်အဆင့်ရှိ တပ်ကြပ်ကြီးတစ်ဦးနှင့် ကန္တာရဝတီတိုင်း(မ်) မှ တွေ့ဆုံမေးမြန်းခြင်း

CDM ပြုလုပ်လာတဲ့ ၃ ရစ်အဆင့်ရှိ တပ်ကြပ်ကြီးတစ်ဦးနှင့် ကန္တာရဝတီတိုင်း(မ်) မှ တွေ့ဆုံမေးမြန်းခြင်း

ခလရ ၇၂ မှ အသက် ၂၉ နှစ်အရွယ် ၃ ရစ်အဆင့်ရှိသူ တပ်ကြပ်ကြီးတစ်ဦးဟာ ဇွန်လ ၃ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ ထံကို လက်နက်နဲ့အတူ CDM ပြုလုပ်ပြီး ပူးပေါင်းလာခဲ့ပါတယ်။ တပ်ကြပ်ကြီးဟာ ယခင်က ပူတာအိုမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကရင်နီပြည်ကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတာ ၅ လဝန်းကျင်သာ ရှိသေးတယ်လို့ ဆိုပါတယ်။  CDM ပြုလုပ်ဖြစ်ပုံနဲ့ လက်ရှိ တပ်တွင်းအခြေအနေကို ကန္တာရဝတီတိုင်း(မ်) က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ CDM ပြုလုပ်ဖို့  ထွက်ပြေးလာခဲ့ပုံကို ပြောပြပေးပါဦး။

ဖြေ ။ ။ အဓိကကတော့ အဆင်မပြေဘူး။ လုံးဝကို မပြေတော့တာ။ အရင်ကတော့ စဉ်းစားဖူးတယ်။ ပြေးသင့်မပြေးသင့်ပေါ့။ ပြေးလိုက်ရင်ကော ဘာလုပ်စားမှာလဲ။ ကိုယ်ကလည်း သင်တန်း နှစ်နှစ်လောက် ရှေ့မှာ သွားရင်းထားတာလည်း ရှိနေတော့လေ။ လက်မောင်း ၃ ရစ် ရဖို့အတွက်ကို နှစ်နှစ်လောက် သွားပေးဆပ်ပြီး ပြန်လာတဲ့အချိန်ကျတော့ ဘယ်လိုလုပ်လိုက်ရင် အဆင်ပြေမလဲ။ ဒီဖက်ကို သွားပြန်တော့ကော ဘာဆက်လုပ်ရမလဲ။ အဓိကတော့ ကျနော်တို့က ဒီဟာကြီးကို စိတ်ကုန်နေပြီလေ။

တပ်ထဲမှာလည်း နေမပျော်ဘူး။ သေနတ်ကလည်း ဆက်ပြီးတော့ မကိုင်ချင်တော့ဘူး။ နောက်ပြီးတော့ လုပ်ရပ်တွေကလည်း ကိုယ့်အတွက် သိပ်ပြီးတော့ အဆင်မပြေဘူး။ မြင်ရ၊တွေ့ရတာတွေက။ ကြာလာတာနဲ့အမျှ အပေါ် ဖိ…ဖိပြီးရင် ကိုယ်တွေလျော်၊ ကိုယ်တွေဆီကပဲ ပြန်ယူ။ တခြားအဆင့်နဲ့ အရာရှိရဲ့ ကွာခြားမှုက တပ်ထဲမှာ တော်တော်ကို များတယ်။ အဓိက ပြသနာကတော့ တခြားအဆင့်နဲ့ အရာရှိပေါ့။ ဒါကတော့ အခု တော်လှန်ရေးကာလပြီး နောက်ပိုင်းမှာမှ အရာရှိတော်တော်များများ တခြားအဆင့်ကို နည်းနည်းပါးပါး ချိုချိုသာသာ ဆက်ဆံတယ်ပေါ့နော။

အရင် ကျနော့်အတွေ့အကြုံတွေတုန်းကဆိုရင် ဆိုင်တစ်ဆိုင်တည်းမှာတောင်မှ အရာရှိနဲ့ တန်းတူရည်တူ ထိုင်ခွင့်မရှိဘူး။ ကိုယ့်လစာ၊ သူ့လစာ တော့ ကွဲရင်ကွဲသွားမှာပေါ့။ ဒါပေမယ့် သွားထိုင်ရင်တောင်မှ မင်းက ဒီဆိုင်မှာ ထိုင်ခွင့်မရှိဘူး။ အဲ့လို ခွဲခြားဆက်ဆံတာပေါ့။ ဒါပေမယ့် သင်တန်းတက်ပြီးနောက်ပိုင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ကျနော်တို့ ၂ ရက်နေ့ရမယ်၊  ဟိုဟာနေ့ရမယ်၊ ဒီဟာနေ့ရမယ်ပေါ့  ဒါပေမယ့် မရပါဘူး။ နောက်ပြီးရင် ကျနော်တို့ အသက်အာမခံတို့၊ ဘာတို့ဆိုရင် ကျနော်တော့ မထုတ်ရသေးပါဘူး။ လိုပါသေးတယ်။ တချို့ဆိုရင် အသက်အာမခံတွေတောင် မရပါဘူး။ ထွက်သွားတာတွေ အများကြီးပဲ။

 အခု ကယားပြည်နယ်မှာဆိုရင် တချို့ဆို ၁၁ လပိုင်းမှာ ပြည့်မယ့်သူတွေ ရှိတယ်။ မပေးနိုင်ဘူး တပ်က။ သူတို့က ကျနော်တို့ အသက်အာမခံဆိုတာ ပုံမှန်အားဖြင့် လစာထုတ်ပြီဆိုရင် ငွေစာရင်းထဲက တခါတည်း ဖြတ်ပြီးသား။ ပြန်ပေးရမယ့်အချိန်ဆိုလို့ရှိရင် ဟိုရွေ့လိုက်၊ ဒီရွေ့လိုက်။ အဆင်မပြေဘူး။ ပြောရရင်တော့ ရဲဘော်၊စစ်သည် တစ်ယောက်ရဲ့ အခြေခံ မူရင်းလစာက တစ်သိန်းငါးသောင်းဆိုရင် ဘယ်တော့မှ တစ်သိန်းငါးသောင်း အပြည့်ရတာ မရှိဘူး။ အဓိကကတော့ ရတဲ့လစာနဲ့ အဆင်မပြေတာရယ် ကျနော်အဓိက ပြေးရတဲ့အကြောင်းပေါ့နော။

ပြောရမယ်ဆိုရင်ဗျာ.. အရပ်ဘက်မှာဆိုရင်လည်း ကျနော်တို့ ယှဉ်တွဲနေထိုင်တဲ့သူ တော်တော်များများကလည်း ကျနော်တို့ အရင်ထိုင်တဲ့ပုံစံကတော့ သင်တန်းဆင်းသွားရင် ယူနီဖောင်းလေးနဲ့ ကော့ကော့ကျော့ကျော့လေး ငါ့အိမ်ကို ငါပြန်မယ်၊ ငါ့မိသားစုကို သွားတွေ့မယ် လူတွေလေးစားမယ်ထင်တဲ့ ယူနီဖောင်းပေါ့ဗျာ။ အခုက တဖြည်းဖြည်းနဲ့ ဒီယူနီဖောင်းကို မြင်လိုက်တာနဲ့ လူကတော့ မပြောလို့သာ မကောင်းတတ်လို့သာ မပြောတာ စိတ်ထဲမှာတော့ ဒီကောင်ကြီးက အာဏာသိမ်း စစ်ကောင်စီရဲ့ လူပဲ။ အဲ့လိုမျိုးပေါ့။ ဒါပေမယ့် ကျနော် တော်တော်စဉ်းစားယူပြီးတော့မှ ဆုံးဖြတ်ချက်ချပြီး ဒီလိုလုပ်လိုက်တာ။

မေး ။ ။ အခု အပြင်ကို ဘယ်လိုထွက်လာခဲ့တာလဲ။

ဖြေ ။ ။ ကျနော်ကတော့ လူလေးနှစ်ယောက်ကို ချိတ်လိုက်တဲ့အချိန်မှာ သူတို့က ကျနော့်ကို ပြောတယ်လေ။ သူ လာခေါ်မယ်ပေါ့နော။ ဒီကို လွဲပေးလိုက်မယ်ပေါ့။ ပြီးသွားတော့မှ သူတို့ဆက်ပြီးတော့ စီစဉ်ပေးမယ်ပေါ့နော။ ကျနော်ကတော့ သူတို့ကို တခါတည်းပြောလိုက်တာကတော့ ကျနော် သေနတ်တော့ ရအောင်တော့ ယူလာခဲ့ပေးမယ်။ အနည်းဆုံးတော့ ၂ လက်လောက်တော့ ယူလာခဲ့ပေးပေါ့။ ကျနော်ကတော့ ကြိုးတော့ကြိုးစားတယ် ဒါပေမယ့် မရလိုက်ဘူးပေါ့နော။ ကျနော်ရတဲ့ဟာ ကျနော့်ကိုင်ထားတာကိုပဲ ယူလာခဲ့ပေးတယ်။

မေး ။ ။ ထွက်ပြေးလာတော့ ဘာတွေ ပါလာသလဲပေါ့နော။

ဖြေ ။ ။ MA 3 ပါတယ်ဗျ၊ MA 3 ရယ်၊ ကျည်ဘောက် ၃ ဘောက်ရယ် ပါပါတယ်ဗျ။

မေး ။ ။ လက်ရှိ အာဏာသိမ်းမှုအပေါ် ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ ကျနော်တို့ သင်တန်း နှစ်နှစ်တာကာလအတွင်းမှာ ဒုတိယနှစ် ပထမအစပေါ့။ သူတို့ စသိမ်းလိုက်တယ် ဖေဖော်ဝါရီလ ၁ ရက်နေ့ပေါ့။ သူတို့သိမ်းတဲ့အချိန်မှာ ကျနော်တို့ ခန်းမထဲမှာ စစ်ဥပဒေ ဘာသာရပ်ကို သင်နေတဲ့အချိန်။ သင်နေတဲ့အချိန်မှာ တချို့ကျတော့လည်း သူ့ခံယူချက်နဲ့သူပေါ့နော။ အာဏာသိမ်းလိုက်ပြီ တချို့သင်တန်းသားတွေက ဘာပြောလဲဆိုတော့ ကျနော်တို့ အကြွေးတွေ ချေးငွေ သုံးလစာ မဆပ်ရတော့ဘူး။ ဒါကတော့ သူတို့အမြင်ပေါ့ဗျာ။ ကျနော်တို့အမြင်မှာကျတော့ သိမ်းလိုက်ပြီ။ သိမ်းလိုက်ပြီးဆိုတဲ့အချိန်မှာ ကျနော်ကတော့ မဲကဏ္ဍမှာ သိပ်ပြီးတော့ မကြည်မလင်ဘူးပေါ့နော။

ကျနော်တို့ မဲတွေ စထည့်တယ်။ စထည့်တဲ့အချိန်မှာ ကျနော်တို့ တပ်ကို ဖုန်းဆက်တယ်။ ကျနော်ကတော့ အဝေးရောက်နေတာကိုး။ ကချင်ပြည်ရောက်နေတာ။ ဖုန်းဆက်တော့ ဗိုလ်ကြီးရေ ကျနော်ဒီမဲလေးကိုတော့ ထည့်ဖို့ ဖားကန့် သင်တန်းကျောင်းကနေ ဖုန်းဆက်ခိုင်းတယ်ပေါ့။ အဲ့တော့ သူက … ငါထည့်ပြီးသွားပြီပေါ့။ ထည့်ပြီးသွားပြီဆိုတော့ ဟာ..ထည့်လိုက်ပြီလား။ ဟုတ်တယ် မင်းဆန္ဒအတိုင်းထည့်လိုက်တာတဲ့။ ဒါကတော့ မင်းဆန္ဒအတိုင်း ထည့်လိုက်တာလို့ ပြောရအောင်လည်း ကျနော်သူ့ကို ကြိုတင်မဲလည်း မပေးထားဘူး။ ဘာမှလည်း လုပ်ခဲ့ခြင်း မရှိဘူး။ သူတို့ မှတ်ပုံတင်တွေ တောင်းတယ်။ ကျနော်တို့ ပေးခဲ့တယ်။

ဒါကတော့ တပ်ဆိုတဲ့သဘောက ကြိုတင်မဲနဲ့ သူတို့ ထည့်ကြတာ။ ဒါလေးလည်း လက်ခံပါသေးတယ်။ ဒါကတော့ ဒီယူနီဖောင်းကို ဝတ်ရင်သူတို့အတိုင်း လုပ်ရမယ်ဆိုတော့။ ဒါပေမယ့် မဲလိမ်တယ်၊ မဲခိုးတယ် ဆိုတာကျတော့ ဘယ်လိုအမြင်နဲ့ပဲ ကြည့်ကြည့်လေ ဖြစ်မှမဖြစ်နိုင်တာ။ ဘယ်သူကနိုင်မှာလဲဆိုတာ ဘယ်သူ့သွားမေးမေး ကလေးသွားမေးလည်း သိတယ်။ အဖြေက ရှင်းနေတာပဲလေ။ မဲလိမ်စရာအကြောင်းလည်း မရှိဘူး။ ဘယ်လိုပဲဖြစ်နေဖြစ်နေ ရှုံးနေတာက ရှုံးနေတာပဲ။ လူဆယ်ယောက်မှာ တစ်ယောက်လောက်တောင် မရှိပါဘူး။ တပ်ထဲမှာတောင် နည်းနည်းနှောနှော NLD ကို မဲပေးလို့ ပြသနာတက်တာ။ စည်းရုံးရေးတွေ ခနခန ဆင်းနေရတာ။ လာမည့်ရွေးကောက်ပွဲဆိုလည်း အဲ့လိုပဲ ဖြစ်လာမှာပဲလေ။ တပ်ထဲက မိသားစုတွေကို စည်းရုံးရေးဆင်တယ်ပြောတာ ဒါကိုပဲ ထည့်ပါလို့ မပြောရုံတမယ်ပဲ သွယ်ဝိုက်သောနည်းလမ်းနဲ့ ဒါကိုပဲ ထည့်ပါလို့ လုပ်နေတာ။

မေး ။ ။ အပြင်ကို ထွက်လာပြီး CDM ပြုလုပ်လိုက်ပြီဆိုတော့ ရှေ့ဆက် ဘယ်လိုစီစဉ်ထားပါသလဲ။

ဖြေ ။ ။ ကျနော် သူတို့နဲ့ ချိတ်ဆက်ပြီးတော့မှပေါ့နော။ ကျနော့်အတွက် အဆင်ပြေနိုင်မယ့် နေရာတစ်ခုခုပေါ့။ ကျနော်တို့ CDM လုပ်တဲ့သူတွေအတွက် သူတို့မှာလည်း အစီအစဉ်တော့ ရှိမယ်လို့ ထင်တာပဲ။ သူတို့ဘယ်လိုမျိုး စီစဉ်ပေးမလဲ၊ စီစဉ်ပေးတဲ့ လမ်းကြောင်းပေါ် လိုက်ပြီးတော့ ကျနော့်ရဲ့ ဆန္ဒနဲ့ အနည်းဆုံး ညှိယူမယ်ပေါ့။ အဲ့လိုဆက်သွားမယ်။

မေး ။ ။ သူတို့ကို ပြန်တိုက်ဖို့တော့ အစီအစဉ်ရှိသလား။

ဖြေ ။ ။ အဲ့လိုကြီးတော့ ကျနော်ပြန်မတိုက်ချင်တော့ဘူးဗျ။ ပြန်တိုက်ရအောင်လည်း မျက်နှာချင်းကို မဆိုင်ချင်တော့တာ။ အေးအေးဆေးဆေးပဲ ကျနော်အနားယူချင်တယ်။

မေး ။ ။ မိသားစုတွေကော။

ဖြေ ။ ။ ကျနော့် အဖေရော၊ အမေရော မရှိတော့ဘူး။ ပြီးတော့လည်း ကျနော် လူလွတ်ပါဗျ။

မေး ။ ။ တပ်ထဲမှာက အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ အာဏာမသိမ်းခင်နဲ့ ဘယ်လိုကွာခြားမှု ရှိပါသလဲ။

ဖြေ ။ ။ ကျနော်တို့ ဘယ်လိုပြောရမလဲ။ နေ့စဉ်ရက်ဆက်က ကျနော်တို့က နေ့စဉ် ခံစစ်အတွက် ပြင်နေရသလို ဖြစ်တာပေါ့။ နေ့စဉ် ကင်…ကင်း …ပဲ။ ကျနော်တို့မှာ တခြား သွားစရာ၊ လာစရာ မရှိဘူး။ ဒီကင်းမှာပဲ ရှိမယ်။ စားတဲ့အချိန်မလည်း ဒီကင်းမှာပဲ။ နေတဲ့အချိန်မှာလည်း ဒီကင်းမှာပဲ။ ကင်းစောင့်မယ်၊ အိပ်မယ် ဒါပဲ။ တခြားပြင်ပလောကနဲ့ ကျနော်တို့ အဆက်အသွယ်ပြတ်သွားတာ တော်တော်ကြာသွားပြီ။ ဒါကတော့ ကျနော်တို့မှ မဟုတ်ဘူး။ ကျနော်တို့ကို ယူတဲ့ စစ်သည် ရဲမေတွေလည်း ဒီအတိုင်းပဲ။ တပ်တွင်းက လုံးဝပိတ်ထားတယ်။ လုံးဝတရားဝင်ပဲ မထွက်ရဘူး။ တပ်ပြင်ပနဲ့ လုံးဝ ဆက်သွယ်ခွင့်မပေးဘူး အဲ့လိုပေါ့။ ဖုန်းလည်းပေးမကိုင်ဘူး။ ခွင့်လေး လွတ်ပါဦးဆို ပိုဆိုးသွားပြီ။ ခွင့်ကလည်း ပိတ်ထားတာ တော်တော်ကြာပြီ။ ကိုဗစ်ကာလကတည်းက ကိုဗစ်ကြောင့် ခွင့်ပိတ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရဲဘော်တွေ တော်တော်များများက ခွင့်ပေးလိုက်ပြီးရင် ပြန်မလာကြတော့ဘူး။ သူတို့ဘာသာသူတို့ အပြင်မှာပဲ CDM လုပ်တာလည်း ဟုတ်ချင်ဟုတ်မှာပေါ့။ မဟုတ်ပဲနဲ့ သူတို့ဘာသာ အေးဆေးနေချင်လို့ ပြန်မလာတဲ့သူတွေ တော်တော်များတယ်။

သူငယ်ချင်းတစ်ယောက်နဲ့ မန္တလေးတို့ကို ဖုန်းဆက်ကြည့်ရင်တောင်မှ တနေ့တနေ့ သူတို့တပ်ထဲမှာ မရှိဘူးဆိုရင် တစ်လအတွင်းမှာ ၆ ယောက် ၇ ယောက်လောက်က ပြုန်းတီးအင်အားပဲ။ ပြုန်းတီးအင်အားဆိုတာက တပ်မတော် အသုံးအနှုန်းက သေသွားလို့ ပြုန်းတီးတာ ရှိတယ်။ ထွက်ပြေးလို့ ပြုန်းတီးတာရှိတယ်။ အခုလို CDM လုပ်လို့ ပြုန်းတီးတာ ရှိတယ်။ ပြုန်းတီးအင်အား မျိုးစုံရှိတယ်။ အဲ့ကြောင့် တပ်တွေကလည်း အပေါ်ပိုင်းကို နည်းနည်းလျော့ပေါ့နော ဖြေလျော့ပေးဖို့တော့ ပြောတယ်။ ဒါပေမယ့် တပ်ရင်းမှူးတွေ ဘာတွေကတော့ လုံးဝဖြေမလျော့ပေးဘူး။ အဲ့တော့ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ အဲ့လိုမျိုးပေါ့။ လူကလည်း အဝင်မရှိတော့ဘူးလေ။ လေ့ကျင့်ရေးကျောင်းတွေ တော်တော်များများကလည်း အခုချိန်မှာ မလည်ပတ်နိုင်ဘူး။ ကျနော်ဆင်းလာတဲ့ သင်တန်းမှာတောင်မှ လူဦးရေထောင်ကျော် ဆင်းတဲ့သင်တန်း အခုဆို ၁၃ ယောက်လောက် ၁၈ ယောက်လောက် ပြည့်ဖို့တောင် တော်တော်ကို ရုန်းကန်နေရတယ်။

မေး ။ ။ တပ်ထဲ ဘယ်လိုတွေ ကိုယ်တွယ်နေလဲ လက်ရှိမှာပေါ့။

ဖြေ ။ ။ တပ်ပြင်မထွက်ရဘူး။ ခွင့်မပေးဘူး ဆိုတာကတည်းက သူ့ရဲ့အခွင့်အရေးပဲ။ စစ်သည်တစ်ဦးက တစ်နှစ်ကို အနည်းဆုံးတစ်လ ခွင့်ရရမယ်ဆိုတာ အစောကြီးကတည်းက သူတို့သတ်မှတ်ပေးပြီးသား။ ဒါပေမယ့် ဘယ်စစ်သည်မှ အာဏာမသိမ်းခင်ကလည်း တစ်နှစ်ကို တစ်လ ခွင့်မရဘူး။ အလွန်ဆုံး ကုန်ဆုံးရရင် ၁၅ ရက် ထပ်တိုး ၅ ရက် ဒါတောင် တပ်ရင်းမှုး တော်တော်ကို ချစ်လို့၊ တော်တော်ခင်လို့။ သူနဲ့ပြောရရင်တော့ ပါတနာပေါ့ဗျာ။ သူတို့နဲ့ သင့်တဲ့သူမှသာ သူတို့ပေးတာပေါ့။ တော်ရုံတန်ရုံ စစ်သည်ပေါ့။ ပြေးနိုင်မယ်ထင်တဲ့ စစ်သည်မျိုးဆို သူတို့မလွတ်တော့ဘူး။ မင်းမပြန်နဲ့ဦး၊ နောက်မှ….နောက်မှ အဲ့လိုနဲ့ပဲ။

မေး ။ ။ အခုကော စစ်တပ်ရဲ့ ယန္တာယားက ဘယ်လောက်ထိ အခြေအနေ ဆိုးနေပြီလဲပေါ့နော။

ဖြေ ။ ။ ကျိန်းသေတာတခုတော့ ကျနော်တို့ သူငယ်ချင်းတွေ ဆုံတယ်။ ကျနော့်သူငယ်ချင်းတချို့ ကျနော်နဲ့ အမြင်တူတဲ့သူတွေပေါ့နော တချို့ကျလည်း အမြင်မတူဘူး။ ဒါကတော့ ဒီကောင်တွေ သက်သက် အသေခံနေတာပါ။ ဘယ်လောက်ပြောပြောလေ မျက်မြင်ကိုယ်တွေ့ကလည်း ကိုယ်တွေလည်း မြင်နေကြားနေရတာပဲ။ တဖက်နဲ့တဖက်က ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ယန္တာယားက ပျက်လား၊ မပျက်လားဆိုတာ အခု ကယားဖက်ကို ထိုးနေတဲ့ တပ်မ ၆၆ ကိုပဲကြည့်။ တပ်မအင်အား ဘယ်လောက်များ ကျန်လို့လဲ။ တပ်မ ၆၆ လည်း သူလည်း ပန်းနေပြီပေါ့။ ကယားပြည်နယ်မှာ စစ်ပွဲ တစ်နှစ်ကျော်အတွင်း။ သူ့မှာ အင်အားလည်း မရှိတော့ဘူး။ ထပ်ပေးဖို့အတွက်ကျတော့လည်း စစ်မျက်နှာပြင်မှာ အကုန်လုံးက ဖြန့်ထားနေတာ။ ရခိုင်မှာဆိုလည်း ရခိုင်ဖက်ကို ဖြန့်နေတာ။ အဲ့တော့ အဆင်ပြေမယ်လို့ မထင်ပါဘူး။ တချိန်မဟုတ် တချိန်တော့ သွားမှာပဲ။

ဒီလိုပဲ ထွက်ပြေးလို့ ဆက်မနေချင်လို့ အဓိကကတော့ စစ်သည်တစ်ဦးက ထွက်ပြေးတော့မယ်ဆိုရင် သူတို့ဆီက ချုပ်ထားတဲ့ စုငွေ၊ ဦးပိုင်၊ အသက်အာမခံ၊ မိသားစု ဒါတွေကို သူတို့က ပြန်ကြည့်ရတယ်။ ငါ့ အသက် အာမခံတွေတော့ ရနေပြီ။ ဦးပိုင်တွေကလည်း တော်တော်များနေပြီ။ ဒီကထွက်သွားရင် ဒီဟာတွေက ဆုံးပြီ။ ဆုံးရှုံးသွားပြီ။ ကျနော်ဆိုလည်း ဒီကနေထွက်လာတာ ကျနော်စာရင်းဖြစ်တဲ့အတွက် ကွန်ပျုတာတွေ အကုန်လုံး ထားခဲ့ရတယ်။ ဆယ်တန်းအောင် လက်မှတ်တွေ၊ တက္ကသိုလ် ကျောင်းသားကဒ်တွေ၊ ကျနော်လည်း ဆုံးရှုံးတာပေါ့။ အဲ့လိုမျိုး မစွန့်လွတ်နိုင်တဲ့သူတွေကလည်း ဆက်နေနေတာပေါ့။ စိတ်ထဲမပါပေမယ့်လည်း ဆက်လှုပ်ရှားနေတာပေါ့။

ကျေးဇူးတင်ပါတယ်။

Most read this week

May 8, 2024
မေလ ၆ ရက်နေ့မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဘောလခဲမြို့အနီးမှာ ပျက်ကျခဲ့တဲ့...
May 7, 2024
ရှမ်းပြည်တောင်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ရင်းနေထိုင်တဲ့ ကရင်နီစစ်ရှောင်တွေကို...
May 7, 2024
ကရင်နီပြည် ဖားဆောင်းမြို့မှာရှိနေတဲ့ စစ်ကောင်စီရဲ့ ခလရ ၁၃၄ နဲ့ ၁၃၅ စခန်းနှစ်ခုကို...
May 6, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းတိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရတဲ့ တပ်ဖွဲ့ဝင်တွေကို သယ်ယူဖို့ လာတဲ့...