ဒလန် ဆိုသူ အင်းသူကြီးသား ပစ်သတ်ခံရ

ဒလန် ဆိုသူ အင်းသူကြီးသား ပစ်သတ်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ထဲက စစ်ကောင်စီ သတင်းပေး ဒလန် ဆိုသူ အင်းသူကြီး၏ သား သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံအချို့က ပြောသည်။

မအူပင်မြို့နယ်၊ ခွာလေးကျွန်းကျေးရွာ၊ ရာဇူဒိုင်အင်းအတွင်းနေထိုင်သည့် အင်းသူကြီး ဦးအေးမြင့်၏ သား ဒလန် ဆိုသူ နိုင်ဦး ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်။

“သူက လူမိုက်တွေမွေးထားတယ်။ ဒီနယ်မှာ နာမည်ကြီးပဲ။ သူက အားလုံးပြီးတယ်” ဟု အသက် (၅၀) ခန့် အရွယ် ခွာလေးကျွန်းရွာသားတစ်ဦး က ပြောသည်။

နိုင်ဦးမှာ သေနတ်ပစ်ခံရသည့် နေရာတွင် သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆို သည်။

ရာဇူဒိုင်အင်းအတွင်းရှိ တဲအိမ်တွင် မေလ ၂၈ ရက်နေ့၊ ည (၉) နာရီ အချိန်ခန့်က လူတစ်စု စက်လှေဖြင့် ရောက် လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

နိုင်ဦးသေနတ်ဖြင့် ပစ်ခံရပြီးနောက် တစ်နာရီကျော်ခန့် အကြာတွင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲများ စက်လှေဖြင့် ရောက်ရှိလာပြီး ကြိမ်းမောင်းဆဲဆိုနေသည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲမှာလည်း စက်လှေ ငှားမရလို့ဆိုပြီး ငါနဲ့ကိုင်ပြီး ဆဲဆိုသံတွေ အကျယ်ကြီး ကြားနေရတယ်” ဟု ရွာခံ တစ်ဦး က ပြောသည်။

နိုင်ဦးသည် သတင်းပေး ဒလန် အကြီးစားသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကျေးရွာသို့ ခေါ်လာပြီး ၎င်း၏ အိမ်တွင် ကျွေးမွေးဧည့်ခံမှုများ မကြာခဏလုပ်ဆောင်လေ့ရှိသူ ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် လူထုအား သူ၏ သြဇာအောက်တွင် ပိပြားအောင် ဖိနှိပ်ထားသူဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

လူတစ်စုက လာရောက်၍ သေနတ်နှင့် ပစ်သတ်ခဲ့သည်ကို သာသိရပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင် သည်ဟု ထုတ်ပြန်ခြင်းမရှိသလို သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိပါ။

မအူပင်မြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေး(ဒလန်)များ၏ တိုင်ကြားမှုများကြောင့် ဖမ်းဆီးခြင်းခံရသူ ဦးရေ ၁၀၀၀ နီးပါးခန့်ရှိနေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...